စာစဉ်(၂) 16-30
ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ (ကျွင်းရှောင်ယောက်)
မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go
မူရင်း စာရေးသူ ; God j
ဘာသာပြန် ; နတ္တိ
အခန်း ( ၁၆ ) ဖီးနစ်တိုင်းပြည်သစ္စာခံခြင်း၊ အဓိကဇာတ်ကောင် ရှောင်ချန်းလာပြီတဲ့ဟေ့
ဖီးနစ်ရှေးဟောင်းတိုင်းပြည်၏ တော်ဝင်နန်းတော်အတွင်းရှိ ခန်းမထဲတွင်...
ဖီးနစ်ဘုရင်က အိပ်ရာပေါ်တွင် လဲလျောင်းနေကာ မှော်ဆေးပညာရှင်များစွာလည်း ဘေးတွင် ရပ်နေသည်။
သို့သော် ဖီးနစ်ဘုရင်ခံစားနေရသော ရောဂါ ဝေဒနာကို မည်သူမျှ မကုသနိုင်ပေ။
ဖီးနစ်ဘုရင်၏ ရောဂါဟာ နဂါးတိုင်းပြည်ဘုရင်နှင့် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေနေချိန်တွင် သူတော်စင်အဆင့် ကျားရှာမြွေတစ်ကောင် အကိုက်ခံခဲ့ရခြင်းဖြစ်သည်။
ကျားရှာနတ်ဆိုးမြွေအဆိပ်ဟာ သူတော်စင်များပင်လျှင် ခုခံရန်အခက်အခဲရှိ၏။
ဖီးနစ်ဘုရင်က သူတော်စင်တစ်ပိုင်းဖြစ်သော်လည်း မြွေဆိပ်က တဖြည်းဖြည်း တိုက်စားလာခဲ့ချေပြီ။
လူတစ်ယောက်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"ကျုပ်တို့ အခုဘာလုပ်သင့်လဲ..။ မင်းသမီးကတော့ ကျွင်းမိသားစုကို သွားရောက်နေခဲ့ပြီ... ဒါပေမဲ့ အင်မော်တယ်ဆေး မရရုံသာမကဘဲ အရှက်ကွဲနေခဲ့ရပြီ"
"ကျူပ်တို့ ဘာတတ်နိုင်မှာလဲ..။ ကျွင်းမိသားစုက ကျုပ်တို့ ပြဿနာသွားရှာလို့ရတာ မဟုတ်ဘူး... မဟုတ်ရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေလိမ့်မယ်"
မှော်ဆေးပညာရှင်နှင့် တော်ဝင်သမားတော်များအပြင် ဖီးနစ်ရှေးဟောင်းတိုင်းပြည်၏ အမှုထမ်းအားလုံး ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြသည်။
ရှေးဟောင်းမင်းမျိုးနွယ် မိသးစုကြီးကို မည်သူမျှ မစော်ကားနိုင်ပေ။
ပိုင်ယုအာ၏ အရှက်ရနေပုံကို သိကြသော်လည်း တိုင်းပြည်မှ မည်သူမျှမသွားဝံ့ပါချေ။
ဆွေးနွေးသံများကိုကြားပြီးနောက် ဖီးနစ်ဘုရင်ဟာ ပိုမို စိတ်ပျက်အားငယ်လာကာ အပြင်းအထန် ချောင်းဆိုးလာသည်။
ထိုစဉ် အစောင့်တစ်ဦးက အလျင်အမြန်ပြေးဝင်လာကာ ပြောလိုက်သည်။
"မင်းကြီး၊ မင်းကြီးနဲ့တွေ့ဖို့ ဖီးနစ်ရှေးဟောင်းတိုင်းပြည်ကို ဧည့်သည်တော်တွေရောက်လာပါတယ်"
ထိုအခါ အမတ်တစ်ယောက်က လက်ကိုဝှေ့ယမ်းကာ ငေါက်ငမ်းလိုက်၏။
"မင်းဘယ်လိုကောင်လဲ... မင်းကြီး နာမကျန်းဖြစ်နေတာကို မသိဘူးလား..။ မင်းကြီးကို လာမနှောင့်ယှက်စမ်းနဲ့"
ထိုအချိန်တွင် အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ရှင်တို့ဘုရင်က မသေသေးဘူးမဟုတ်လား... ဘာကြောင့် ဧည့်သည်ကို အပြင်မှာ စောင့်ခိုင်းရတာလဲ"
"ဘယ်သူလဲကွ"
အမတ် ဒေါသထွက်သွား၏။
"ငါ့သခင်မလေးကို အော်ဝံ့တယ်လား"
ချက်ချင်းပင် လူရိပ်တစ်ခုထွက်ပေါ်လာကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူတော်စင်တစ်ပိုင်းအဆင့်ဖိအားများ ထွက်ပေါ်လာ၏။
"ဖူး"
၎င်းဝန်ကြီးလည်း သွေးအန်ရင်း လွင့်စဉ်သွားတော့သည်။
ယင်းကိုမြင်ပြီးနောက် တခြားသူအားလုံး ထိတ်လန့်တကြားဖြစ်သွားကြသည်။
သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအား။
ဖီးနစ်တိုင်းပြည်၏ အသန်မာဆုံး ဖီးနစ်ဘုရင်ပင် သူတော်စင်တစ်ပိုင်း၌ ရှိသေးသည်။
အားလုံး တုန်တုန်ရီရီနှင့် လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ အေးစက်စက်မျက်နှာနှင့် အဘွားအိုတစ်ဦး လျှောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
သူ့နောက်တွင်ကား နန်းတွင်းဝတ်စုံနှင့် လှပသော မိန်းမပျိုတစ်ဦးလည်း ရှိနေသည်။
သူက ရွှေရောင်ဆံနွယ်ရှည်များကို ကျောထက်တွင် ဖြန့်ချထားသည်။ သူ့မျက်နှာက ဖြူဖွေးနုဖတ်ကာ အလွန်ဆွဲဆောင်မှုရှိ၏။
ယင်းက အဖွားဟွာနှင့် ကျွင်းလင်းလုံသာ ဖြစ်တော့သည်။
"ကျွင်းမိသားစုက မြင့်မြတ်မိန်းမပျို..."
ဝန်ကြီးတချို့ဟာ ကြမ္မာငင်လာသကဲ့သို့ ခံစားလိုက်ရသည်။
ကျွင်းလင်းလုံက အပြင်လောကတွင်လည်း နာမည်ကြီးပေရာ တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်၏။
သူ့ကို ကြိမ်းမောင်းမိသောဝန်ကြီးလည်း နှုတ်ခမ်းမှ သွေးစီးကျရင်း တုန်ရီနေတော့သည်။ သူဟာ ကြောက်ရွံ့မှုဖြင့် မြေပြင်မှပင် မထဝံ့တော့ပေ။
ဖီးနစ်ဘုရင်က ချောင်းဆိုးရင်းမှ ပြောလိုက်သည်။
"ကျွင်းမိသားစုရဲ့ မြင့်မြတ်မိန်းမပျိုက ဒီကို လာရောက်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးဘူး..။ ဒီမှာ အပြစ်ပေးဖို့များ လာကြတာများလား"
ဖီးနစ်ဘုရင်ဟာ ပြောဆိုပြီး လဲလျောင်းနေရာမှ ထလိုက်သည်။ သူ့အတွက် ထိုသည်ကပင် ခက်ခဲပေရာ မျက်နှာ ဖြူရော်သွား၏။
ပိုင်ယုအာက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို စိတ်အနှောင့်အယှက်ပေးမိ၍ အပြစ်ပေးခံရသည်ဟူသောသတင်းကို သူလည်း သိထားပြီးချေပြီ။
ယခုအခါ ကျွင်းမိသားစုမှ မြင့်မြတ်မိန်းမပျိုက ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ဖီးနစ်ဘုရင်၏အမြင်တွင် သူတို့ကို စစ်မေးရန်မှတစ်ပါး တခြားမရှိတော့ပေ။
ထိုစကားကြောင့် ခန်းမထဲမှ လူအားလုံးလည်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြတော့သည်။
နောက်ဆုံးတွင် ကျွင်းမိသားစုအတွက် ဖီးနစ်ရှေးဟောင်းတိုင်းပြည်ကို ဖျက်ဆီးရန်ဟာ လက်ဖျစ်တစ်ချက်တီးလိုက်ရုံပင် မဟုတ်ပါလား။
ဖီးနစ်ဘုရင်လည်း တည်ငြိမ်ချင်ဟန်ဆောင်နေသည့်တိုင် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ပြီးသွားခဲ့ချေပြီ။
"ကျွန်မတို့ နတ်ဘုရားသားတော်က အကြောင်းပြချက်မရှိဘဲ လူသတ်တတ်တဲ့သူလို့ ထင်နေလို့လား..။ ရှင်တို့တွေ နတ်ဘုရားသားတော်ရဲ့ ကြင်နာတတ်မှုကို ကျေးဇူးတင်သင့်တယ်"
ကျွင်းလင်းလုံက ပြုံးပြီး ပြောလိုက်သည် ။
"ဘယ်လို"
ထိုစကားကိုကြားပြီးနောက် အားလုံး အံ့ဩကုန်သည်။
သူတို့က ရှင်ဘုရင်ကို စစ်ဆေးမေးမြန်းရန် ဤနေရာကို ရောက်ရှိလာတာ မဟုတ်ပေဘူးလား။
ကျွင်းလင်းလုံက အရှေ့တိုးကာ သူမ၏ သိုလှောင်လက်စွပ်ကို တောက်လိုက်သည်။
ထိုအခါ အလွန်သင်းပျံ့သောရနံ့နှင့် ဆေးပင်တစ်ပင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
"ဒါ... ဒါက အင်မော်တယ်ဆေးပင်ပဲ"
ဖီးနစ်တိုင်းပြည်မှ လူအားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဖီးနစ်ဘုရင်သည်လည်း မျက်လုံး ပြူးကျယ်သွား၏။
အင်မော်တယ်ဆေးပင်က ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကိုပင် တုန်လှုပ်စေသော အရာတစ်ခုပင်။
ယခုတော့ ကျွင်းလင်းလုံဟာ အလွယ်တကူ ထုတ်ပြလာ၏။ ထို့ကြောင့် ရွှေတောင်ကြီးကို မြင်လိုက်ရသော သူတောင်းစားများကဲ့သို့ ဖြစ်သွားကြတော့သည်။
အဘွားဟွာကတော့ ၎င်းတို့၏ တုံ့ပြန်ပုံကိုကြည့်ကာ အထင်မြင်သေးမှုများ ဖြစ်ပေါ်လာသည်။
"ဖီးနစ်ဘုရင်... အခု ရှင်တို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်..။ သစ္စာခံမယ်ဆိုရင် နတ်ဘုရားသားတော်က ဒီဆေးပင်ကို ပေးလိမ့်မယ်..။ မင်းတို့ကို ဖယ်ရှားလိုက်တော့မယ်"
ကျွင်းလင်းလုံက တည်ငြိမ်ပြီး ခံစားချက်မရှိဟန်ဖြင့် ပြောလိုက်သည်။
သူက ကျွင်းရှောင်ယောက်အရှေ့တွင် နှိမ့်ချသော်လည်း အပြင်လူများအရှေ့မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။
"ဒါ..."
ဖီးနစ်တိုင်းပြည်မှ လူအားလုံး မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
အဓိပ္ပာယ်က ရှင်းသည်။
နတ်ဘုရားသားတော်က သစ္စာခံရန် ပြောလာသော်လည်း ကျွင်းမိသားစုကို မဟုတ်ဘဲ သူတစ်ယောက်တည်းကို ဖြစ်သည်။
ဤအခြေအနေနှစ်ခုဟာ အလွန်ခြားနား၏။
ဖီးနစ်ရှေးဟောင်းတိုင်းပြည်အတွက် ကျွင်းမိသားစုကို သစ္စာခံရန်က ပြဿနာမရှိပေ။
ထိပ်တန်း အင်အားစုကြီးများပင် ကျွင်းမိသားစုထံ သစ္စာခံခဲ့ကြပြီ မဟုတ်ပါလော။
သို့သော် ယခုက ကျွင်းရှောင်ယောက်ကို သစ္စာခံရန်ပင် ဖြစ်သည်။
၎င်းက အင်အားစုကြီးတစ်ခုအတွက် ရှက်ဖွယ်အလွန်ကောင်း၏။
ကျွင်းလင်းလုံ၏မျက်နှာက အနည်းငယ်အေးစက်သွားကာ မျက်ခုံးပင့်၍ ပြောလိုက်သည်။
"ဘာလဲ၊ ရှင်က လက်မခံချင်တာလား..။ နတ်ဘုရားသားတော်ဆီမှာ သစ္စာခံခွင့်ရတာက ရှင်တို့အတွက် ဂုဏ်ယူစရာပဲဆိုတာ သိလား"
ဖီးနစ်ဘုရင်၏မျက်လုံးတွင် အကောင်းအဆိုးကိုချိန်ဆ၍ ရုန်းကန်နေမှုများ ဖြစ်ပေါ်လာ၏။ နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည်။
"ကျုပ် သဘောတူပါတယ်..။ နတ်ဘုရားသားတော်ကို ကျုပ်အစား ကျေးဇူးအထူးတင်ကြောင်း ပြောပေးပါ..။ ယုအာကိုလည်း အရှက်မရစေဖို့ မျှော်လင့်ပါတယ်"
ဤအခြေအနေတွင် သူ့အတွက် ရွေးချယ်စရာ မရှိခဲ့ပေ။
"မပူပါနဲ့... နတ်ဘုရားသားတော်က သူ့ကို အပြစ်ပေးထားရုံပဲ... ပြင်းပြင်းထန်ထန် ဘာမှမလုပ်ပါဘူး"
ကျွင်းလင်းလုံ ပြောလိုက်သည်။
ထို့နောက် အင်မော်တယ်ဆေးပင်ကို ဖီးနစ်ဘုရင်ထံ ကမ်းပေးလိုက်၏။
ဖီးနစ်ဘုရင်လည်း တုန်ခါနေသောလက်များနှင့် အင်မော်တယ်ဆေးပင်ကို လက်ခံယူလိုက်တော့သည်။
အခွင့်အရေးသာရှိသေးလျှင် မည်သူမျှ မသေချင်သေးပေ။ သူကဲ့သို့ ဘုရင်တစ်ပါးဆိုလျှင် ပိုဆိုးသည်။
"ဒါက ရှင့်ရဲ့စွမ်းအားတွေကိုလည်း ပိုတိုးလာစေနိုင်တယ်..။ အင်မော်တယ်ဆေးပင်ရဲ့စွမ်းအားက ဒဏ်ရာတွေကို ကုသပေးတာထက်ပိုတယ်... နတ်ဘုရားသားတော်က ရှင်နဲ့သင့်မဲ့ဆေးပင်ကို ပေးခဲ့တာပါ"
ကျွင်းလင်းလုံက အလေးအနက် ထပ်ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ အားလုံး ဘာမျှ မပြောနိုင်တော့ပေ။ သူ့အပြုအမူက နတ်ဘုရားသားတော်ကို ဘယ်လောက်ထိလေးစားမှန်း သိသာသည်။
"နားလည်ပါပြီ"
ဖီးနစ်ဘုရင်၏မျက်လုံးတွင် ကျေးဇူးတင်သော မျက်လုံးများနှင့် ခေါင်းညိတ်လိုက်သည်။
သူတော်စင်တစ်ပိုင်းမှ သူတော်စင်ဖြစ်လာရန်...
ဤဆေးပင်ဖြင့် သူဟာ ဒဏ်ရာများ ပျောက်ကင်းရုံသာကဘဲ သူတော်စင်ပင် ဖြစ်လာနိုင်တော့မည်။
"ဒါက ရှင်တို့အားလုံးအတွက် နတ်ဘုရားသားတော်က ပေးလိုက်တယ်ဆိုတာ သတိရထားပါ..။ မဟုတ်လို့ တစ်ခုခုကို တွေးဝံ့မယ်ဆိုရင်တော့..."
ကျွင်းလင်းလုံ၏ မျက်နှာအမူအရာက အလွန်အေးစက်သွားသည်။
သူဟာ ဆုပေးဒဏ်ပေးစနစ်ကို တခါတည်းသိအောင် ပြောသွား၏။
"စိတ်ချပါ... နတ်ဘုရားသားတော်အပေါ် ဖီးနစ်ရှေးဟောင်းတိုင်းပြည်က အကြွင်းမဲ့ သစ္စာရှိပါမယ်"
ဖီးနစ်ဘုရင်က လေးလေးစားစား ပြန်ဖြေလိုက်သည်။
လာနောက်ခြင်းသာ ဖြစ်ရမည်။ နတ်ဘုရားသားတော်ကို စော်ကားခြင်းဟာ ကျွင်းမိသားစုတစ်ခုလုံးကို စော်ကားခြင်းပင် မဟုတ်ပါလား။
ဖီးနစ်ရှေးဟောင်းတိုင်းပြည်က ပထမတန်းစား အင်အားစုဖြစ်သော်လည်း ကျွင်းမိသားစုအရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။
"ဒီစကားကို မှတ်ထားပါ"
ကျွင်းလင်းလုံနှင့်အဘွားဟွာ ခေါင်းညိတ်ကာ ပြန်လှည့်ထွက်သွား၏။
ယနေ့မှစ၍ ဖီးနစ်ရှေးဟောင်းတိုင်းပြည်ဟာ ကျွင်းရှောင်ယောက်၏ အင်အားစုတစ်ခု ဖြစ်လာခဲ့ချေပြီ။
ပိုင်ယုအာကို ကိုင်တွယ်ပြီးပါက ဖီးနစ်ရှေးဟောင်းတိုင်းပြည်အား ပိုကောင်းမွန်စွာ ထိန်းချုပ်လာနိုင်တော့မည် ဖြစ်သည်။
လအတန်ကြာပြီးနောက်...
ကောင်းကင်ဧကရာဇ်နန်းတော်တွင် ကျွင်းရှောင်ယောက်က ပြုံးရွှင်စွာဖြင့် နိုးထလာသည်။
"အင်း... ပိုင်ယုအာ ဒူးထောက်နေတာ တစ်နှစ်ကြာသွားခဲ့ပြီပဲ..။ သူ့ကို လုံးဝထိန်းချုပ်လိုက်ဖို့ အချိန်ကျပြီ"
...........
ထိုအချိန်တွင် နဂါးရှေးဟောင်းတိုင်းပြည်မှ ရထားလုံးတစ်စီးဟာ လေထဲသို့ ပျံသန်းလာသည်။ ၎င်းက ကျွင်းမိသားစုကို ဦးတည်ပျံသန်းသွား၏။
ရထားပေါ်တွင် လိုက်ပါလာသူကား နဂါးတိုင်းပြည်မှ မင်းသား ရှောင်ချန်းပင် ဖြစ်တော့သည်။
"နောက်ဆုံးတော့ ဒီအကွက်ကို ငါကျွမ်းကျင်သွားခဲ့ပြီပဲ... အခု ယုအာကိုပြန်ခေါ်ဖို့အချိန်ကျပြီ"
"ကျွင်းမိသားစုက နတ်ဘုရားသားတော်... သူ့ကိုစိန်ခေါ်ပြီး အနိုင်ရခဲ့ရင် ငါ့နာမည်က ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဂယက်ထသွားစေတော့မှာ မြင်ယောင်သေးတယ်..။ ကျွင်းမိသားစုရဲ့ ဝါရင့်ပုဂ္ဂိုလ်တွေကလည်း ငါ့လို မျိုးဆက်သစ်တစ်ယောက်ကို မျက်နှာအပျက်ခံပြီး ဝင်ပါမှာ မဟုတ်ဘူး"
သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုကို လှစ်ဟလာသည်။
ကျားခံတွင်းကို မဝင်ဝံ့လျှင် ကျား၏သားကို မည်သို့ ရနိုင်ပါမည်နည်း။
ရှောင်ချန်းစိတ်ထဲတွင်...
တန်ခိုးထွားသော ကျွင်းမိသားစုကို တစ်ကိုယ်တော်ဝင်ရောက်၍ အန္တရာယ်ကြုံနေသော မိန်းမလှလေးကို ကယ်တင်မည်။ ထိုအခါ သူရဲကောင်းဆန်သော သူ့နာမည်က ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို တုန်ခါစေလိမ့်မည်။
ဤအခြေအနေမျိုးဟာ သူဖတ်ဖူးသော ဒဏ္ဍာရီပုံပြင်များထဲက ဇာတ်ကောင်များနှင့် အတူတူပင် မဟုတ်ပါလား။
ဤမြင်ကွင်းကို တွေးမိသောအခါ ရှောင်ချန်းတစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် သွေးများပင် ဆူပွက်လာ၏။ သူက ကျွင်းရှောင်ယောက်နှင့်ရင်ဆိုင်ရရန် မစောင့်နိုင်တော့ပါချေ။
-------------
အခန်း ( ၁၇ ) ငါက နတ်ဆိုးမဟုတ်ပါဘူးဆို...၊ ရှောင်ချန်း လာရောက် စိန်ခေါ်ပြီ
ကောင်းကင်ဧကရာဇ်နန်းတော်၏ ဂိတ်ဝတွင်...
ပိုင်ယုအာက မြေပြင်၌ ဒူးထောက်နေဆဲပင်။ လွန်ခဲ့သည့်တစ်နှစ်ပတ်လုံး သူဟာ တစ်ကြိမ်မျှ မထခဲ့ပါချေ။
ယခုအခါ သူ၏ အနီရောင် ငှက်မွှေးဝတ်စုံဟာ ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခဲ့ပြီ။
ချောမောလှပခဲ့သော သူ့မျက်နှာကလည်း ပိန်လှီကာချောင်ကျလာ၍ ဖြူဖပ်ဖြူလျော်ပင် ဖြစ်လာသည်။
သူက ဖီးနစ်နတ်မီးတောက်၏ ကာကွယ်မှုခံရသော ပါရမီရှင်ပင် ဖြစ်သော်လည်း တစ်နှစ်ပတ်လုံး အစာမစား၊ ရေမသောက်ရခြင်းက သူ့ကို အလွန်အားနည်းစေသည်။
ဤနှစ်အတွင်း ကျွင်းရှောင်ယောက်ဟာ သူ့နံဘေးမှ အကြိမ်ကြိမ် ဖြတ်သွားဖူးသော်လည်း တစ်ချက်ကလေးမှ လှည့်မကြည့်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ပိုင်ယုအာ၏နှလုံးဟာ အောက်ဆုံးထိ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခုအခါ ကျွင်းရှောင်ယောက်က သူ့ကို ခွင့်မလွှတ်နိုင်တော့ပြီဟုပင် ထင်မှတ်လာခဲ့ပြီ ဖြစ်သည်။
ယင်းက သူ့ဖခင်အတွက် ကျွင်းရှောင်ယောက်ထံမှ ဆေးရရန် အခွင့်အရေးမရှိတော့ပြီဟူသော အဓိပ္ပာယ်ဆိုရင်လည်း မမှားပေ။ ထို့အပြင် သူ့အတွက် တခြားနေရာမှရရန်လည်း အခွင့်အရေးမရှိပါချေ။ ယခုအခါ သူ့ဖခင်အတွက် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်လာခဲ့ချေပြီ။
သို့ရာတွင် တကယ်တမ်းတွင် ဤသို့်မဟုတ်ပေ။ သူ့ဖခင်က လုံးဝပြန်လည် ကောင်းမွန်နေခဲ့ပြီ ဖြစ်၏။ ကျွင်းလင်းလုံက နှုတ်ပိတ်ထား၍သာ သူမ မသိရသေးခြင်း ဖြစ်ချေသည်။
ထို့ကြောင့်ပင် ပိုင်ယုအာက မျှော်လင့်ချက် ပျောက်ဆုံးသွားသကဲ့သို့ တွေးနေမိတော့သည်။ စိတ်ပျက်အားငယ်မှုများဖြင့် မျက်လုံးများပင် နီရဲလာသည်။
ထိုအချိန်တွင် ခြေသံသဲ့သဲ့ကို ကြားလာခဲ့ရသည်။
ပိုင်ယုအာ မဝံ့မရဲဖြင့် မော့ကြည့်လိုက်သောအခါ အသက်ရှုရပ်လုနီးပါး ဖြစ်သွားခဲ့ရ၏။
သူမကို နေ့ရောညပါ လွမ်းဆွတ်စေခဲ့သော အနှီပုံရိပ်ဟာ အမှန်တကယ် သူမထံသို့ လျှောက်လှမ်းလာနေခဲ့ချေပြီ။
ယင်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျွင်းရှောင်ယောက်ပင် ဖြစ်သည်။
တစ်နှစ်ကျော်သွား၍ ယခုအခါ ကျွင်းရှောင်ယောက်ပင် အသက်ကိုးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ သူဟာ ပန်းပုဆရာတစ်ယောက်က သေချာထုဆစ်ထားသကဲ့သို့ သူမတူအောင် ချောမောလာသည်။
သူက နူးညံ့၍ ကြင်နာတတ်ပုံရသော မျက်နှာအမူအရာဖြင့် လျှောက်လှမ်းလာနေ၏။ သူ့အတောက်တွင်ကား ကျွင်းလင်းလုံက လိုက်လာခဲ့ပေသည်။
"နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်"
ပိုင်ယုအာဟာ ပျော်ရွှင်မှုများ ဖုံးဖိမရဘဲ ထွက်ပေါ်နေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
တစ်နှစ်ကျော်သွားခဲ့ပြီ။ တစ်နှစ်ပတ်လုံး သူမ စောင့်မျှော်ခဲ့ရသည့်နေ့ဟာ နောက်ဆုံးတော့ ရောက်လာခဲ့ချေပြီ။
ကျွင်းရှောင်ယောက် ပိုင်ယုအာကို အကဲခတ်လိုက်သည်။ အလွန်ပိန်လှီလာသော ပိုင်ယုအာတစ်ယောက် ယခုလောက်ဆိုလျှင် နောင်တနေလောက်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဤအတိုင်းရပ်နေပြီး သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်မပြောသေးပေ။
ယင်းကိုမြင်ပြီးနောက် ပိုင်ယုအာဟာ မြေပြင်တွင် ဝပ်ဆင်းသည်အထိ ဦးညွတ်လိုက်၏။
"နတ်ဘုရားသားတော်... ကျွန်မ မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ်..။ ဒီအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက်လည်း ပြုံးကာ ပြောလိုက်သည်။
"အမှားကို အမှားမှန်းသိတာ လူတော်ပါပဲလေ..။ ထ ထ... ငါကလည်း နတ်ဆိုးမဟုတ်ပါဘူး"
ထိုစကားဟာ ကျွင်းလင်းလုံကို မျက်နှာမဲ့သွားစေခဲ့သည်။
'ဟုတ်တာပေါ့... နင်က နတ်ဆိုးတစ်ယောက်မဟုတ်လို့ဘဲ သူ့ကို အဲဒီနေရာမှာ တနှစ်ပတ်လုံး ဒူးထောက်ခိုင်းခဲ့တာပေါ့နော်..။ အင်မော်တယ်ဆေး ပေးပြီးတာတောင်မှ ပြန်မပြောဘဲ နှစ်ဝက်လောက် ဒူးထောက်ခိုင်းသေးတာ..။ ဒါတောင်မှ နင်ကနတ်ဆိုးမဟုတ်ရင် ဘယ်သူက နတ်ဆိုးတုံး'
ကျွင်းလင်းလုံ တွေးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်"
ပိုင်ယုအာ ဝမ်းသာအားရ ထရပ်လိုက်သည်။ သို့ရာတွင် ခြေထောက်များက အားနည်းနေကာ ယိုင်ကျသွား၏။
ယင်းကိုမြင်သောအခါ ကျွင်းရှောင်ယောက်က ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံး ထုတ်ပေးလိုက်လေသည်။ သူက စတင်ကာ ဆွဲဆောင်နေပြီ ဖြစ်သည်။
ယင်းက ပိုင်ယုအာကို ခံစားသွားရစေ၏။ ယင်းက အလွန်တန်ဖိုးကြီးသော်လည်း ကျွင်းရှောင်ယောက်က အလွယ်တကူ ပေးလာခဲ့ချေပြီ။
ဤအတွက် သူမ၏ ကျွင်းရှောင်ယောက်အပေါ် နာကျည်းမှုများပျောက်ကွယ်ကာ ကျေးဇူးတင်သယောင်ပင် ဖြစ်လာခဲ့ရသည်။
ဆေးသောက်ပြီးသောအခါ ခွန်အားတချို့ကို ပြန်ရလာ၏။
ထိုအခါ ကျွင်းရှောင်ယောက်က တစ်ချက် ပြုံးလိုက်လေသည်။
ဤသို့သော နည်းလမ်းမျိုးကို သူအလွန်ကျွမ်းကျင်၏။
ဆေးလုံး အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်ကာ မကြာမီ သူမ ခံစားနေရသော ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် နာမကျန်းဖြစ်နေရှာသော ဖခင်အကြောင်းကိုတွေးမိသောအခါ လက်သီးကို တင်းတင်းဆုပ်လိုက်၏။
သို့သော် ကျွင်းရှောင်ယောက်၏ ခွင့်လွှတ်ပေးမှုကပင် လွန်လွန်းနေပြီဖြစ်ပေရာ နောက်ထပ် အင်မော်တယ်ဆေး မတောင်းဝံ့တော့ပေ။
ယင်းကိုတွေးပြီးနောက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်... ကျွန်မအခု ထွက်သွားပါတော့မယ်"
ပိုင်ယုအာဟာ အင်မော်တယ်ဆေးမရဘဲ အိမ်ပြန်ရသည့်အတွက် စိတ်မကောင်းသော်လည်း မတတ်နိုင်ပေ။
ထိုအချိန်တွင် ကျွင်းလင်းလုံက ရယ်မောကာ ပြောလာသည်။
"ပိုင်ယုအာ၊ နင် အင်မော်တယ်ဆေးကို မလိုချင်တော့ဘူးလား"
ပိုင်ယုအာလည်း ခါးသက်သက်ဖြင့် ပြုံး၍ ပြောလိုက်သည်။
"နတ်ဘုရားသားတော်က ခွင့်လွှတ်ပေးတာနဲ့တင် ငါဝမ်းသာနေခဲ့ပါပြီ..။ နောက်ထပ် မတောင်းဝံ့ပါဘူး"
"ဒါဆိုရင်လည်း ဖီးနစ်ရှေးဟောင်းတိုင်းပြည်ကို နင်ဘာဖြစ်လို့ ဆက်သွယ်မကြည့်တာလဲ"
ကျွင်းလင်းလုံက အဓိပ္ပာယ်ရှိသော မျက်လုံးနှင့်ကြည့်၍ ပြုံးလိုက်သည်။
ပိုင်ယုအာလည်း အံ့ဩသွားကာ ကျောက်စိမ်းစာလိပ်နှင့် မက်ဆေ့ခ်ျပို့လိုက်၏။
ထိုအခါ ပြန်စာများက တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့သည်။ ဤအထဲတွင် ဖီးနစ်ဘုရင်ထံမှလည်း ပါသည်။
'ကျွင်းမိသားစုက လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက အင်မော်တယ်ဆေးကို ပေးသွားခဲ့တာပါ... ဒါက နတ်ဘုရားသားတော်ရဲ့ ကြင်နာမှုပါပဲ"
"အခုဆိုရင် မင်းကြီးက ဒဏ်ရာတွေ ပြန်ကောင်းလာရုံသာမကဘဲ နောက်တစ်ဆင့်ကိုတက်ဖို့တောင် တံခါးပိတ်ကျင့်ကြံနေပါပြီ"
"ဒီအရာအားလုံးက နတ်ဘုရားသားတော်ရဲ့ ကျေးဇူးတွေပါ"
သတင်းများက ပိုင်ယုအာကို မယုံကြည်နိုင် ဖြစ်စေခဲ့သည်။ သူ့စိတ်ထဲတွင် ခဏတော့ ဗလာကျင်းသွား၏။ ထို့နောက်တော့ ဝမ်းသာမှုဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။
"နတ်ဘုရားသားတော်... ရှင်..."
သူဟာ အလွန်စိတ်လှုပ်ရှားသွား၍ စကားပင် ဆုံးအောင် မပြောနိုင်တော့ပေ။
"ငါပြောပါတယ်... ငါက နတ်ဆိုးတစ်ယောက် မဟုတ်ပါဘူးဆို"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
ဤအခိုက်တွင် သူ့ပုံရိပ်က ပိုင်ယုအာနှလုံးသားတွင် ကမ္ဗည်းထိုးသကဲ့သို့ စွဲမြဲသွားခဲ့၏။ သူ့စိတ်တွင်း၌ အနှီလူငယ်လေးကသာ အပြည့်အဝ နေရာယူနေတော့သည်။
ယင်းက မျှော်လင့်ချက်များ ပျောက်ဆုံးခါနီးမှ လမ်းစကို ရှာတွေ့ခဲ့သည့်ပုံပင်။
ဤမျှော်လင့်ချက် လမ်းစကို ယူဆောင်လာပေးခဲ့သူကတော့ ကျွင်းရှောင်ယောက်သာ ဖြစ်တော့သည်။
ပိုင်ယုအာဟာ ကျွင်းရှောင်ယောက်အရှေ့တွင် ဒူးထောက်၍ အလွန်စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြောလိုက်သည်။
"အခုကစပြီး နတ်ဘုရားသားတော်ကို ကျွန်မ တစ်သက်လုံး သစ္စာစောင့်သိပါမယ်လို့ ကတိပြုပါတယ်..။ ရှင်က အစေခံဖြစ်စေချင်ရင် အစေခံလုပ်ဖို့ ဆန္ဒရှိပြီး မင်းရဲ့စကားတိုင်းကို လိုက်နာသွားပါမယ်..။ ဒီသစ္စာကိုဖောက်ဖျက်ရင် မိုးကောင်းကင်က အပြစ်ပေးပါစေသား"
အစောပိုင်းက သူမဟာ ကျွင်းရှောင်ယောက်ခွင့်လွှတ်ရန်အတွက်သာ တောင်းပန်နေခြင်းဖြစ်သော်လည်း ယခုတော့ အကြွင်းမဲ့သစ္စာခံနေခဲ့ချေပြီ။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ကျွင်းမိသားစု၏ ဂိတ်ဝထံမှ ဒေါသထွက်နေသော အသံတစ်ချက်ကို ကြားလိုက်ရသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဘယ်မှာလဲကွ..။ သူ့ကို လုံးဝခုခံနိုင်စွမ်းမရှိတဲ့ မိန်းကလေးကိုတောင် ဘယ်လိုများ အနိုင်ကျင့်ဝံ့တာလဲ..။ သူ့ကိုယ်သူ ယောက်ျားလို့ သတ်မှတ်သေးရင် ကျုပ်နဲ့ ထွက်လာပြီး တိုက်ခိုက်ဖို့ ပြောလိုက်"
ဤအသံက မိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကျွင်းမိသားစုဝင် တော်တော်များများလည်း အံ့သြသွားကြ၏။
ထိုစဉ် ကျွင်းမိသားစု၏ အစောင့်တစ်ယောက်က ကျွင်းရှောင်ယောက်ထံသို့ လျှောက်လာကာ ပြောလိုက်သည်။
“သခင်လေးခင်ဗျာ... တံခါးအပြင်ဘက်မှာ လူငယ်တစ်ယောက်က ပေါက်ပန်းလေးဆယ် လာအော်နေပါတယ်..။ သူက ရှေးဟောင်းနဂါးတိုင်းက လာတဲ့ပုံပါပဲ"
'အိုး... မင်းနဲ့ စေ့စပ်ထားတယ်ဆိုတဲ့ ငတုံးလေးများလား..။ ဇာတ်လမ်းလေးတော့ စပြီ'
ကျွင်းရှောင်ယောက် စိတ်ထဲမှတွေးကာ ကြိတ်ပြုံးလိုက်၏။
ထို့နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သူ့ကို ဝင်ခွင့်ပေးလိုက်ပါ..။ ငါကိုယ်တိုင် ဖြေရှင်းလိုက်မယ်"
"ကောင်းပါပြီ"
အစောင့် ပြန်လှည့်ထွက်သွား၏။
မြေပြင်တွင် ဒူးထောက်နေသော ပိုင်ယုအာမျက်နှာမူကား အပြစ်ကင်းစင်သည့်ပုံပင်။
ကျွင်းရှောင်ယောက်က သူ့ကို ယခုလေးမှ ခွင့်လွှတ်လိုက်ခြင်းဖြစ်သော်လည်း သူနှင့်စေ့စပ်ထားသူက ပြဿနာရှာရန် ရောက်ရှိလာခဲ့ချေပြီ။
ယင်းက သူ့အတွက် မကောင်းသော နိမိတ်ပင် မဟုတ်ပါလား။
ပိုင်ယုအာဟာ ရုတ်တရက် လိုနေချိန်မရှိဘဲ မလိုမှရောက်လာသည့် ရှောင်ချန်းကို အလွန်နာကြည်းသွားပြန်တော့သည်။
"သခင်လေး... ငါ..."
ပိုင်ယုအာက သူအပြစ်ကင်းစင်ကြောင်း သက်သေပြရန် ကပျာကယာ ပြောလိုက်သည်။
"ကိစ္စမရှိဘူး"
ကျွင်းရှောင်ယောက် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
ခဏကြာသောအခါ နဂါးဝတ်စုံနှင့် ကောင်ချောလေးရှောင်ချန်း လျှောက်လှမ်းဝင်လာသည်။
ကျွင်းရှောင်ယောက်အရှေ့တွင် ဒူးထောက်နေသော ပိုင်ယုအာကိုမြင်သောအခါ ကျွင်းရှောင်ယောက်မျက်လုံး၌ လူသတ်ငွေ့များ ဖြာထွက်လာတော့၏။
နောက်ဆုံးတွင် မိမိနှင့်စေ့စပ်ထားသူက တခြားယောက်ျားရှေ့တွင် ဒူးထောက်နေသည်ကို ဘယ်သူမှ မြင်ချင်ကြမည်မဟုတ်ပေ။
ရှောင်ချန်း ချက်ချင်း ဟိန်းဟောက်လိုက်သည်။
"ယုအာ အမြန်ထစမ်း... ဒီကောင်က မင်းကို ဘယ်လိုတောင် အနိုင်ကျင့်ဝံ့တာလဲ"
"ပါးစပ်ပိတ်ထား ရှောင်ချန်း..။ နတ်ဘုရားသားတော်ကို မရိုမသေ ပြုဝံ့တယ်လား"
သို့ရာတွင် ပိုင်ယုအာက သူ့ကိုသာ ပြန်အော်လာ၏။
ရှောင်ချန်းလည်း နေရာတွင်ရပ်နေပြီး အလွန် အံ့ဩသွားလေသည်။ သူဟာ ပိုင်ယုအာထံမှ ဤစကားမျိုး ထွက်လာသည်ကို မယုံကြည်နိုင် ဖြစ်သွားသည့်ပုံပင်။
"ယုအာ... ကိုယ်က မင်းကိုလာကယ်တာလေ..။ ဘာဖြစ်လို့ သူ့ဘက်က ခုခံပြောနေတာလဲ"
ရှောင်ချန်း စိတ်ရှုပ်ထွေးသွားသည်။
"တော်လောက်ပြီ..။ ဒါက ငါ့စိတ်သဘောနဲ့ငါလုပ်ခဲ့တာ... နတ်ဘုရားသားတော်ကလည်း ခွင့်လွှတ်တဲ့အတွက် ငါဝမ်းသာနေပြီ..။ နင်က ဘာအတွက် လာနေသေးတာလဲ"
ပိုင်ယုအာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
မူလက သူဟာ ငယ်သူငယ်ချင်းဖြစ်သော ရှောင်ချန်းကို ချစ်ခင်ခဲ့မိသည်။
သို့ရာတွင် နဂါးရှေးဟောင်းတိုင်းပြည်က ကတိဖျက်၍ အင်မော်တယ်ဆေးပင်ကို မပေးပေ။
ရှောင်ချန်းကို ပြောသောအခါတွင်လည်း ကတိပေး၍ လက်တွေ့တွင် မြင်ရပါချေ။
ကျွင်းရှောင်ယောက်သာ ကြင်နာမှုမပြလျှင် ယခုအချိန်တွင် သူ့ဖခင်က အိပ်ရာပေါ်တွင်သာ ရှိနေပေဦးမည်။
ဤသည်ကိုကြည့်လျှင် ကျွင်းရှောင်ယောက်နှင့် ရှောင်ချန်းတွင် မည်သူက ပိုကောင်းသည်မှန်း သိသာပေ၏။
"ယုအာ... မင်းကဘာလို့ဒီလိုပြောရတာလဲ..။ ဒီကောင်က မင်းကို ဒီလိုပြောခိုင်းထားတာလား"
ရှောင်ချန်းဟာ ဒေါသတလိပ်လိပ်ထွက်လာ၍ အံကိုတင်းတင်းကြိတ်ထားလိုက်တော့သည်။
-------------
အခန်း ( ၁၈ ) စေ့စပ်စာချုပ်ဖျက်သိမ်းခြင်း၊ ဦးထုပ်စိမ်းဆောင်းရပြီဟု ခံစားရ၍ ဒေါသဖြစ်နေသော ရှောင်ချန်း
မိုက်မိုက်မဲမဲ ဒေါသထွက်ပြနေသည့် ရှောင်ချန်းကိုမြင်ပြီးနောက် ပိုင်ယုအာ ပိုမိုစိတ်ပျက်လာသည်။
'တခြားသူနဲ့သာ မယှဉ်ဖူးရင် တကယ့်ယောင်္ကျားတစ်ယောက်က ဘယ်လိုဆိုတာ နင်သိမိမှာမဟုတ်ဘူး'
မူလက သူဟာ ရှောင်ချန်းကို အလွန်အထင်ကြီးခဲ့မိသည်။
သို့သော် ကျွင်းရှောင်ယောက်နှင့် ယှဉ်ကြည့်သောအခါ သူက ပိုးကောင်တစ်ကောင်ပမာ ဖြစ်လာခဲ့၏။
'ဒီလိုလူက ငါ့ရည်းစား ဘယ်လိုဖြစ်ခဲ့တာပါလိမ့်…'
ပိုင်ယုအာ ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။
ထို့နောက် သူကပင် ဆက်ပြောလိုက်သည်။
"ဒါတွေအားလုံးက ငါ့ဆန္ဒအရ ပြုလုပ်ခဲ့တာ ရှောင်ချန်း... နင်ထွက်သွားလိုက်တော့"
ပိုင်ယုအာစကားဟာ ရှောင်ချန်းနှလုံးသားကို ဓားထက်ထက်နှင့် ထိုးခွဲနေသည့်ပုံနှယ်။
ထိုခံစားချက်ဟာ ရှောင်ချန်းရင်ဘက်ကို နာကျင်သွားစေခဲ့၏။ သူက အေးစက်စက်နှင့် ကျွင်းရှောင်ယောက်ကိုသာ လှည့်ရင်ဆိုင်တော့သည်။
"မင်းက ကျွင်းရှောင်ယောက်မဟုတ်လား... မင်းက ဘာကောင်လဲ... မင်းယုအာကို ဘာလုပ်လိုက်တာလဲ"
ရှောင်ချန်းဟာ ဒေါသထွက်နေသော ခြင်္သေ့ကဲ့သို့ ဖြစ်နေသည်။
ကျွင်းရှောင်ယောက်ကမူ ရှောင်ချန်းကို အပြောင်းအလဲမရှိသော မျက်နှာအမူအရာနှင့် ပြန်ကြည့်နေ၏။
အတိအကျဆိုရလျှင် သူက ရှောင်ချက်လက်၌ဝတ်ထားသော နဂါးလက်စွပ်ကို ကြည့်နေခြင်းသာ။
ကျွင်းရှောင်ယောက်က အလွန်ရှုပ်ထွေးခက်ခဲသော ရှေးဦးစိတ်ဝိညာဉ်ပုံရိပ်ဖော်ကျင့်စဉ်ကို လေ့ကျင့်ထား၍ သူ့မြင်နိုင်စွမ်းဟာ ပုံမှန်ထက် ပိုသည်။
၎င်းနဂါးလက်စွပ်မှ ထူးကဲသော အသွင်အပြင်နှင့် စိတ်ဝိညာဉ်အတက်အကျများကို သူခံစားမိ၏။
'ဝှား... ဒါက တကယ့်ဇာတ်လမ်းဇာတ်ကွက်လား'
ကျွင်းရှောင်ယောက် အံ့ဩသွားသည်။
ဤလက်စွပ်က တစ်ခုခုဖြစ်ကာ စေ့စပ်ထားသူကလည်း သစ္စာဖောက်သွား၏။
ဤအခြေအနေမျိုးကို သူအလွန်ရင်းနှီးသည်။
'စိတ်ဝင်စားစရာပဲ... ဒီတော့ ဒီကောင်ရှောင်ချန်းက ငါ့ကိုသင်ခန်းစာပေးဖို့ ရောက်လာတာပေါ့'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။
ပိုင်ယုအာကပင် ဝင်ပြောလိုက်၏။
"တော်လောက်ပြီ ရှောင်ချန်း..။ ငါစိတ်ပိုင်းဖြတ်ပြီးပြီ... နတ်ဘုရားသားတော်ကိုပဲ ငါသစ္စာရှိသွားတော့မှာ..။ ငါတို့ကြားက ဆက်ဆံရေးတွေလည်း ဒီမှာတင် တစ်ခန်းရပ်ပြီ"
ယခုအခါ သူမမျက်လုံးတွင်း၌ ကျွင်းရှောင်ယောက်သာ ရှိတော့သည်။
သူဟာ ကျွင်းရှောင်ယောက်ကို သူ့ဘဝ၏ သခင်အဖြစ် သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
ရှောင်ချန်းအတွက်တော့ ငယ်စဉ်က သံယောဇဉ်ရှိခဲ့သော်လည်း ၎င်း၏ အလိမ်အညာများကြောင့် စိတ်ကုန်နေခဲ့ချေပြီ။
"မဟုတ်ဘူး... မင်းငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုပြောရက်မှာလဲ... ယုအာ..."
ရှောင်ချန်းခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
တခြားယောင်္ကျားတစ်ယောက်က သူနှင့်စေ့စပ်ထားသူကို အမှန်တကယ် သိမ်းယူသွားခဲ့လေပြီ။
ရှောင်ချန်း လှည့်စားခံလိုက်ရသည့်နှယ် ခံစားလာရ၏။ ပိုင်ယုအာက သူမ၏ ခန္ဓာကိုယ်ကို ကျွင်းရှောင်ယောက်ထံ ရောင်းစားခဲ့ပြီဟုပင် သံသယဝင်နေမိတော့သည်။
"ဟားဟားဟား... ဒီတော့ မင်းက ဒီလိုပေါ့၊ ဟမ်..။ မင်းက မိန်းမယုတ်... အင်မော်တယ်ဆေးအတွက် မင်းဘဝကို ရောင်းစားလိုက်ပြီပေါ့"
ရှောင်ချန်း ဒေါသများတလိပ်လိပ်ထလာသည်။ မည်သည့်ဂုဏ်သိက္ခာကိုမှ သူဂရုမစိုက်တော့ပေ။ သူအလွန်ဒေါသထွက်လာကာ အေးစက်စက်နှင့် လှောင်ပြုံး ပြုံးလိုက်သည်။
သူနှင့်စေ့စပ်ထားသူက သူ့ကို သစ္စာဖောက်သွားသည့်ခံစားချက်ဟာ အလွန်ခံရခက်၏။
ပိုင်ယုအာလည်း အံ့ဩသွားသည်။
အမြဲတည်ငြိမ်စွာနေတတ်သည့်ရှောင်ချန်းက ယခုကဲ့သို့ အောက်စကားများနှင့် သူမကို စွပ်စွဲပြောဆိုလာမည်ဟု ထင်မထားခဲ့ပေ။
ကျွင်းရှောင်ယောက်ပင် ဤအခြေအနေကြောင့် အံ့ဩသွားသည်။
အဓိကဇာတ်ကောင်များဟာ ဤသို့သောအခြေအနေမျိုးနှင့် ကြုံရပါကာ နောက်ခြေတစ်လှမ်းဆုတ်ပြီးမှသာ အရှိန်အဟုန်ဖြင့် အရှေ့တိုးသည် မဟုတ်ပါလား။
ထိုအခါမှ အဓိကဇာတ်ကောင်ကို စော်ကားသူဟာ ဇာတ်သိမ်းမလှဖြစ်ရမည် မဟုတ်ပါလား။
သို့သော် ယခုတော့ အနှီရှောင်ချန်းက ပိုင်ယုအာကို ချက်ချင်းသုတ်သင်ပစ်ဖို့ တွေးလာခဲ့ချေပြီ။
သို့သော်လည်း ပိုင်ယုအာဟာ သူ့ပေါင်ကိုပွေ့ဖက်ထားပြီဖြစ်၍ ရှောင်ချန်းကို ခွင့်မပြုနိုင်တော့ပေ။ သူဟာ ဒီအခွင့်အရေးကိုသုံး၍ ပိုင်ယုအာကို ပို၍သစ္စာရှိစေမည်။
ကျွင်းရှောင်ယောက်က ပိုင်ယုအာအရှေ့မှပိတ်ရပ်ကာ ပြောလိုက်သည်။
"မင်းက သူနဲ့စေ့စပ်ထားသူဖြစ်ပါလျက်နဲ့ ဒီလိုယုတ်ညံ့တဲ့စကားတွေနဲ့ စွပ်စွဲပြောဆိုဝံ့တယ်..။ ငါက အပြင်လူတစ်ယောက်ဆိုရင်တောင် ဒီကိစ္စကို လက်ပိုက်မကြည့်နိုင်ဘူး"
"သခင်လေး...."
ပိုင်ယုအာနှလုံးသားက တုန်ခါသွားကာ မျက်ရည်ပင် ဝဲသွားသည်။
ကျွင်းရှောင်ယောက်က သူ့အတွက် ရပ်တည်လာမည်ဟု တခါမျှ ထင်မထားခဲ့ပေ။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်မှလွဲ၍ မည်သူ့ကိုမျှမပေးနိုင်သော ခံစားချက်တချို့ ထွက်ပေါ်လာသည်။ ၎င်းကတော့ အကြွင်းမဲ့ သစ္စာရှိမှုနှင့် ရိုသေလေးစားမှုများသာ ဖြစ်တော့သည်။
သို့ရာတွင် ရှောင်ချန်းအမြင်၌ ယင်းက အဝတ်မပါသော ချစ်ခြင်းမေတ္တာများသာ ဖြစ်ပေတော့၏။
"မိန်းမယုတ်နဲ့ ခွေးကောင်"
ရှောင်ချန်းဟာ ဒေါသထွက်လွန်းသောကြောင့် အတွင်းကလီစာများပင် လောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။
ပိုင်ယုအာကား ကျွင်းရှောင်ယောက်ကို ချစ်မြတ်နိုးသော မျက်လုံးများဖြင့် မော့ကြည့်နေဆဲပင်။
ဤမြင်ကွင်းက ရှောင်ချန်းကို လှည့်စားခံရသည်ထက် ပိုဆိုးသော ခံစားချက်တစ်ခုကို ရရှိစေခဲ့သည်။ ယင်းက ကိုယ့်ကောင်မလေးဟာ ကိုယ့်အရှေ့မှာပင် တခြားတစ်ယောက်နှင့် ကြည်နူးနေသည့်ပုံနှယ်...
"ကျွင်းရှောင်ယောက်... မင်းငါနဲ့ တရားမျှတစွာ တိုက်ခိုက်ဝံ့လား"
ရှောင်ချန်း အော်ဟစ်လိုက်သည်။
ယခုအခြေအနေကို အဆုံးသတ်ရန်အတွက် တစ်ခုတည်းသောအဖြေက သူမ အလွန်အထင်ကြီးနေသောသူကို သူမ အရှေ့မှာပင် အနိုင်ယူ၍ နင်းချေပစ်လိုက်ခြင်းပင်။
ထိုအခါမှသာ ရှောင်ချန်းရင်ထဲမှ လောင်ကျွမ်းနေသော ဒေါသမီးများကို ငြိမ်းသက်စေနိုင်ပေရော့မည်။
သူဟာ ပိုင်ယုအာကို နောင်တရပြီး သူ့အရှေ့တွင် ဒူးထောက်တောင်းပန်စေလိုက်သည်။
"ငါက ကိုးနှစ်ပဲရှိသေးပေမဲ့ မင်းကတော့ ဆယ့်ငါး၊ ဆယ့်ခြောက်နှစ် ဖြစ်နေခဲ့ပြီလေ..။ ဒါက တကယ်ပဲ တရားမျှတရဲ့လား"
ကျွင်းရှောင်ယောက် ပြုံး၍ပြောလိုက်သည်။
ထိုအခါ ရှောင်ချန်းက ကို့ယို့ကားယားဖြစ်သွားသော်လည်း ဆက်ပြောလိုက်၏။
"အဲတာ ဘာဖြစ်လဲကွ..။ မင်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်... အကန့်အသတ်မဲ့တဲ့ အရင်းအမြစ်တွေနဲ့ လေ့ကျင့်ခဲ့ရတဲ့သူ... ဒါက အရမ်းတရားမျှတမှုရှိတယ်..။ ငါထပ်မေးမယ်... မင်းငါနဲ့ တရားမျှတမှုရှိရှိ တိုက်ခိုက်ဝံ့လား"
ရှောင်ချန်း ဒေါသတကြီးနှင့် ထပ်စိန်ခေါ်လိုက်သည်။
ယခုအခါ သူက နဂါးလက်စွပ်မှရသော သိုင်းပညာကိုလည်း ကျွမ်းကျင်တတ်မြောက်ခဲ့လေပြီ။
ယခုအခါ သူ့မျိုးဆက်၌ လူအနည်းငယ်သာ သူ့ကို တားဆီးနိုင်မည်ဟုလည်း အထင်ရောက်နေ၏။
သူဟာ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ပင် ခြွင်းချက်မဟုတ်ဟု ယုံကြည်နေတော့သည်။
"ကောင်းပြီလေ... တိုက်ပွဲကွင်းပြင်ကို သွားကြတာပေါ့"
ကျွင်းရှောင်ယောက် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ပေါ့ပေါ့ပါးပါး လျှောက်သွားသည်။
ယခုအခါ အနုဇာတ်ကွက် ပြီးသွားခဲ့ချေပြီ။ ဤဇာတ်ကောင်မျိုးကို နိုးထစေရန်က ၎င်းတို့မျက်နှာကို ရှယ်ပလန်ဖြင့် ရိုက်နှက်ပေးရန်ပင် ဖြစ်သည်။
ပိုင်ယုအာနှင့် ကျွင်းလင်းလုံဟာ အနောက်မှ ကပ်လိုက်လာ၏။
ကျွင်းလင်းလုံကား ရှောင်ချန်းကို သနားစရာသတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်နေပေတော့သည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က သုံးနှစ်အရွယ်ကတည်းကပင် စီကွမ်တစ်ဆယ် ကျွင်းကျန်းကျန့်ကို အနိုင်ယူနိုင်နေခဲ့ပြီ မဟုတ်ပါလော။
ခုအခါ ကျွင်းရှောင်ယောက် မည်မျှ အစွမ်းထက်လာသည်ကို ကျွင်းလင်းလုံပင် မသိတော့ပေ။
ကျွင်းရှောင်ယောက်အနောက်မှ လိုက်ပါသွားသော မိန်းမလှလေးနှစ်ယောက်ကိုမြင်သောအခါ ရှောင်ချန်း မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့ပြန်၏။
'ငါသာ ရှေးဟောင်းမင်းမျိုးနွယ်မိသားစုတွေထဲမှာ မွေးဖွားလာရင် ကျွင်းရှောင်ယောက်ထက်ပိုသန်မာမှာ သေချာတယ်..။ ဒါပေမဲ့လည်း နဂါးလက်စွပ်ရဲ့ အကူအညီနဲ့ ငါက သူ့ထက်အားနည်းနေမှာ မဟုတ်ဘူး'
ရှောင်ချန်း ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်ကာ တွေးလိုက်သည်။
မကြာမီ သူတို့နှစ်ယောက်ဟာ တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်ရှိလာ၏။
ဤအခြေအနေက လူများစွာ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
"ဒါက နတ်ဘုရားသားတော်ပဲ... သူက တိုက်ပွဲကွင်းပြင်မှာ ဘာလုပ်နေတာလဲ"
"ငတုံးတစ်ယောက်က နတ်ဘုရားသားတော်ကို လာစိန်ခေါ်တယ်လို့တော့ ကြားတာပဲဗျ"
"ခင်ဗျားပြောတာ နဂါးရှေးဟောင်းတိုင်းပြည်က မင်းသားလား..။ တကယ် ငတုံးပဲ"
"ဟုတ်တယ်... နတ်ဘုရားသားတော်က သူနဲ့ တိုက်ခိုက်ပေးတဲ့အတွက် ဂုဏ်ယူသင့်တယ်"
ကျွင်းမိသားစုဝင်လူများက သူတို့နှစ်ယောက်ကိုကြည့်ကာ ဆွေးနွေးပြောဆိုလိုက်ကြသည်။
ဤအခါ ရှောင်ချန်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
'ဟုတ်တယ်... ဒဏ္ဍာရီပုံပြင်တွေထဲက ဇာတ်ကောင်တွေလည်း အစမှာ ဒီလိုမျိုး စော်ကားခံကြရတာပဲ... ဒါပေမဲ့ အဆုံးမှာတော့ ကစားပွဲကြီးကို ပြောင်းလဲနိုင်ခဲ့တာပဲ မဟုတ်လား'
'ဟုတ်တယ်... မင်းတို့ မောက်မာတဲ့သခင်လေးတွေ... ရှေးဟောင်းမိသားစုကြီးမှာ မွေးဖွားလာရင်တောင် ဘာဖြစ်သေးလဲ..။ ကံကြမ္မာကိုဆန့်ကျင်ပြီး အနိုင်ယူခြင်းရဲ့ အဓိပ္ပါယ်ကို မင်းသိအောင် ငါသင်ပေးမယ်'
ရှောင်ချန်း စိတ်ထဲမှတွေးကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်နှင့် ရှောင်ချန်းဟာ ကွင်းထဲတွင် ရပ်လိုက်ကြသည်။
ကျွင်းလင်းလင်းလုံ၊ ပိုင်ယုအာနှင့် ကျွင်းမိသားစုဝင်များကမူ တိုက်ပွဲကွင်းပြင်နံဘေးတွင် ရပ်လိုက်ကြ၏။
ကျွင်းကျန်းထျန်းနှင့် အကြီးအကဲတချို့ပင် လျှို့ဝှက်စွာ စောင့်ကြည့်နေကြတော့သည်။
ဤတိုက်ပွဲတွင် ကျွင်းရှောင်ယောက် ရှုံးသွားမှာကိုတော့ သူတို့မစိုးရိမ်ကြပေ။
သူတို့သိချင်သည်က ကျွင်းရှောင်ယောက် မည်သည့်အတိုင်းအတာအထိ ခရီးပေါက်နေသလဲဆိုသည်ပင်။
"ကိုင်း... အခု မင်းလှုပ်ရှားလို့ရပြီ"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ဟမ့်... ငါအရင်လှုပ်ရှားမယ်ဆိုရင် မင်းပြန်တိုက်ဖို့ အခွင့်အရေးတောင်မရှိမှာကို ငါကြောက်တယ်"
ကျွင်းရှောင်ယောက်မျက်နှာတွင် အေးစက်စက်နှင့် မာနထောင်လွှားမှုများ ဖြစ်ပေါ်လာ၏။
သူသည်ကား နတ်အဆင့်မှ ပါရမီရှစ်တစ်ဦးပင်တည်း။
ကျွင်းရှောင်ယောက်ဟာ ယခုမှ ကိုးနှစ်သာရှိသေးသောကြောင့် အလွန်သန်မာနေမည်ဟု မထင်ပေ။
"အိုး... ကောင်းပါပြီ"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်၏။ ထိုအခါ ရွှေရောင်စွမ်းအင်များက ပတ်ဝန်းကျင်လေထုကို တဝုန်းဝုန်း တုန်ခါသွားစေခဲ့တော့သည်။
-------------
အခန်း ( ၁၉ ) အတော်ဆုံးလူလိမ်အရှေ့မှာ လိမ်လည်ချင်နေတာလား။
ရွှေရောင်စွမ်းအင်လှိုင်းများဟာ ကျွင်းရှောင်ယောက်ဝန်းကျင်၌ ကျောက်ဆောင်များကို ရိုက်ခတ်တော့မည့် လှိုင်းလုံးကြီးကဲ့သို့ ဖြာထွက်လာသည်။
ရှေးဟောင်းဆင်အစေ့နှစ်သောင်းဟာ သူ့ခန္ဓာအတွင်း၌ နိုးထလာ၏။
လွန်ခဲ့သည့် နှစ်များအတွင်း ကျွင်းရှောင်ယောက်၏ ကြိုးစားအားထုတ်မှုဖြင့် အနှိုင်းမဲ့နတ်ဆင်ခွန်အားဟာ ကနဦး အစေ့တစ်ထောင်မှ အစေ့နှစ်သောင်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယင်းက သူ့ခွန်အားကို ဂျင်သန်းနှစ်ရာအထိ ရောက်ရှိသွားစေခဲ့၏။
ယင်းက ကြယ်တာရာများကို ဖျက်ဆီးနိုင်သည်အထိ အလွန်ကြောက်စရာကောင်းနေတော့သည်။
သူ့ခန္ဓာအတွင်းမှ ရွှေရောင်စွမ်းအင်များဟာ ရွှေရောင်လက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွား၍ ဆက်လက် ပျံသန်းသွားခဲ့သည်။
ကောင်းကင်သို့ပင် လွှမ်းခြုံနိုင်သော အင်အားကြီးကို ခံစားမိသောအခါ ရှောင်ချန်းမျက်နှာ ဖြူဖျော့သွားရ၏။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုတစ်ခုက ဤမျှကြောက်စရာကောင်းမည်ဟု ထင်မထားခဲ့ပေ။
ဧရာမရွှေရောင်လက်ကြီးဟာ နတ်ဘုရားတစ်ပါး၏ လက်ကြီးကဲ့သို့ ကျွင်းရှောင်ယောက်ထံ ကျဆင်းလာသည်။
"မဖြစ်နိုင်ဘူး"
ရှောင်ချန်း အော်ဟစ်လိုက်၏။
သို့သော်လည်း မာနတရားက ငြင်းဆန်ပေရာ အံတင်း၍ ခုခံလေတော့သည်။
"ကောင်းကင်ခွဲနဂါးလက်သီး"
ရှောင်ချန်းက သူ့စွမ်းအား အားလုံးကို လက်သီးတွင်စုစည်း၍ ထိုးနှက်ချလိုက်သည်။
နဂါးဟိန်းသံနှင့်အတူ ရှောင်ချန်းလက်သီးချက်မှ အပြာရောင်နဂါးပုံရိပ်တစ်ခုပင် ထွက်ပေါ်လာပုံရ၏။
သို့သော်.... အသုံးမဝင်ပေ။
"ဝုန်း"
တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံသောအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက် ဧရာမ ရွှေရောင်လက်ကြီးဟာ နဂါးကြီးကို လုံးဝ ဆုတ်ဖြဲပစ်လိုက်လေသည်။
နဂါးကြီးကို ဖျက်ဆီးပြီးသော် ကျန်စွမ်းအားများက ရှောင်ချန်းထံ ဆက်လက်ကျဆင်းလာ၏။
"ဖူး"
ရှောင်ချန်းတစ်ယောက် ရှေးဟောင်းဆင်ကြီးတစ်ကောင် အနင်းခံရသကဲ့သို့ ခံစားရ၍ သွေးများ အန်ထွက်သွားတော့သည်။
သူဟာ ကြိုးပြတ်သွားသောစွန်တစ်ကောင်ကဲ့သို့ လွင့်စဉ်သွားပြီးမှ မြေပြင်သို့လဲကျသွားခဲ့ရလေသည်။
မြင်ကွင်းက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ကျွင်းမိသားစုဝင်အားလုံး ဤမြင်ကွင်းကို တုန်လှုပ်ချောက်ချားနေသော မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ရှောင်ချန်းအတွက် ကျွင်းရှောင်ယောက်ကိုစိန်ခေါ်ခြင်းက ရူးမိုက်ရာကျမှန်း အားလုံးသိထားခဲ့ပေသည်။ သို့သော် ဤအခြေအနေထိ ဖြစ်ရမည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
သူတို့ဟာ ၎င်းက တိုက်ပွဲမဟုတ်ဘဲ လုပ်ပွဲတစ်ခုဖြစ်မည်လောဟုပင် သံသယဝင်ချင်သွားကြသည်။
"ဘုရားရေ... နတ်ဘုရားသားတော်က နတ်နယ်ပယ်အဆင့်ကိုး ကို ရောက်သွားခဲ့ပြီဟ... သူက အစစ်အမှန်ဝိညာဉ်နယ်ပယ်ကိုတောင် ချိုးဖြတ်သွားတော့မှာများလား"
"ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်... ဒီရှောင်ချန်းက ဘာမှမဟုတ်ပေမဲ့ အပြင်လောကမှာတော့ နာမည်ကျော်ကြားတဲ့ ပါရမီရှ်တစ်ယောက် ဖြစ်နေတုန်းပဲ..။ ဒါတောင်မှပဲ နတ်ဘုရားသားတော်ရဲ့ လက်ဝါးတစ်ချက်နဲ့ လွင့်စဉ်သွားအောင် အရိုက်ခံလိုက်ရသေးတယ်"
"ဒါကိုလည်း မမေ့နဲ့အုံး... ရှောင်ချန်းက ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ဆိုပေမဲ့ နတ်ဘုရားသားတော်က ကိုးနှစ်ပဲ ရှိသေးတာ..။ သူက အသက်နှစ်ပြန်လောက် ပိုကြီးတာတောင် ရှုံးသွားရသေးတာပဲ... ဒါက တကယ်ရှက်ဖို့ကောင်းတယ်"
လူအုပ်ကြီးဟာ မြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။
ရှောင်ချန်းကို ရှုံ့ချသောစကားများကလည်း နေရာအနှံ့မှ ထွက်ပေါ်လာ၏။
ပိုင်ယုအာပင်လျှင် သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်၍ မျက်လုံးများ ပြူးကျယ် နေတော့သည်။
ကျွင်းရှောင်ယောက် အနိုင်ရမည်မှန်း သူသိသော်လည်း ဤမျှ ရိုးရှင်းသပ်ရပ်မည်ဟု ထင်မထားခဲ့ပါချေ။
ရှောင်ချန်က တစ်ကွက်ပင် မခံနိုင်ပေ။
ကျွင်းရှောင်ယောကိကိုကြည့်သော ပိုင်ယုအာ၏ မျက်လုံးအကြည့်များက ပိုစူးရှ တောက်ပလာသည်။
'ဒါဘယ်လိုဖြစ်တာလဲ... ဒါက ဘယ်လိုဖြစ်ရတာလဲ'
မြေပြင်တွင် လဲကျနေသော ရှောင်ချန်းကမူ တခြားသူများကို ဂရုမစိုက်အားဘဲ စိတ်ရှုပ်ထွေးနေသည်။
သူက ကစားပွဲကို ဘာကြောင့် ပြောင်းပြန်မလှန်နိုင်ရသနည်း။ ယုတ္တိဗေဒအရ ကျွင်းရှောင်ယောက်ကို သူကရိုက်၍ ပိုင်ယုအာကို နောင်တရသွားစေရမည် မဟုတ်ပါလား။
အဘယ်ကြောင့် မြေပြင်တွင် လဲကျနေသူက သူဖြစ်နေရလေသနည်း။
"မင်းကို အရင်တိုက်ပါလို့ ငါပြောသားပဲ.. မဟုတ်ရင် ဒီလိုပျင်းစရာတွေဖြစ်လာတော့မယ်ဆိုတာ ငါသိနေတာ... ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ငါမင်းကို ပိုတွက်လိုက်မိပုံပဲ"
ကျွင်းရှောင်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။
ရှောင်ချန်းက သူ့ကိုစိန်ခေါ်လာပေရာ စိတ်လှုပ်ရှားစရာတိုက်ပွဲကို ရင်ဆိုင်ရမည်ဟု ထင်မှတ်ထားခဲ့၏။
ယခုတော့ လူကြီးနှင့်ကလေး ရင်ဆိုင်ရသကဲ့သို့ စိတ်ပျက်ဖွယ်ရာ ဖြစ်နေခဲ့ချေပြီ။
ရှောင်ချန်း မျက်နှာက ရှက်စိတ်နှင့်ဒေါသများကြောင့် နီရဲလာသည်။
"ကျွင်းရှောင်ယောက်... မာနကြီးမနေနဲ့ကွ..။ မင်းနဲ့ငါကြားတိုက်ပွဲက မပြီးသေးဘူး"
အဖိနှိပ်ခံရ၍ ဒေါသဖြစ်လျှင် အနှီဇာတ်လိုက်က ပိုသန်မာလာ၏။ ယင်းက လောကအမှန်တရား တစ်ခုပင်။
ရှောင်ချန်းလည်း ဤကဲ့သို့ပင် ခံစားလာရသည်။
နှုတ်ခမ်းထောင့်မှသွေးကို လက်ခုံနှင့်သုတ်ရင်း ရုန်းကန်ကာ ပြန်ထလာ၏။
ကြောက်စရာ နဂါးစွမ်းအားများကလည်း သူ့ခန္ဓာကိုယ်တွင်း၌ ဆူပွက်လာတော့သည်။
ရှောင်ချန်း၏ စွမ်းအားများ အမှန်တကယ် မြင့်တက်လာခဲ့ပြီ။
နတ်နယ်ပယ် ဒုတိယအဆင့်။
တတိယအဆင့်...
စတုတ္တအဆင့်...
ပဉ္စမအဆင့်...
ဆဋ္ဌမအဆင့်...
ရှောင်ချန်း၏ စွမ်းအားများက အချိန်တိုအတွင်း အဆင့်ငါးဆင့် တိုးလာသည်။
ယင်းက ကျွင်းမိသားစုဝင်များကို တစ်ဖန် အံ့ဩသွားစေခဲ့၏။
"အိုး... ဒီနဂါးတိုင်းပြည်ရဲ့မင်းသားရဲ့ လက်စွပ်မှာ ဝှက်ဖဲတွေရှိနေတာပဲ"
လေဟာပြင်ထဲတွင် ကျွင်းကျန်းထျန်းနှင့် အကြီးအကဲများက အခြေအနေကို စောင့်ကြည့်နေဆဲပင်။
ကျွင်းကျန်းထျန်းလည်း အနည်းငယ် အံ့သြသွားကာ ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ... ဒီကောင်လေးက ရှေးဟောင်းနဂါးချီနဲ့ ကံကောင်းတဲ့ကလေးပဲ..။ သူက မျိုးစေ့ကောင်းလေးလို့ ပြောနိုင်တယ်"
"ဒါပေမဲ့ ဒီမျိုးစေ့ကောင်းလေးက မင်းရဲ့မြေးနဲ့ သွားတွေ့ရတာ ကံဆိုးတာပဲ..။ သူ့အတွက် အဆုံးသတ် ကောင်းလိမ့်မယ်လို့ ကျုပ်မထင်ဘူး"
အခြားအကြီးအကဲတစ်ဦးက ရယ်မောကာ ပြောလိုက်၏။
သူက နဂါးချီရှိထားလျှင်ပင် ဘယ်အရေးနည်း။
ကျွင်းရှောင်ယောက်က အချုပ်အနှောင်ကိုပင် ချိုးဖြတ်နိုင်သော ရှေးဟောင်းမြင့်မြတ်ခန္ဓာပိုင်ရှင် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အခြေအနေကိုကြည့်ကာ ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။
'ဒီကောင်က ငါ့အရှေ့မှာ လှည့်ကွက်တွေသုံးဖို့ ကြိုးစားနေတာလား'
ကျွင်းရှောင်ယောက်သည်လည်း လူမှန်တစ်ယောက်မဟုတ်၍ ဤနည်းလမ်းများကို ကျွမ်းဝင်သည်။
ထို့ကြောင့် သူ့အရှေ့တွင် ရှောင်ချန်း၏နည်းလမ်းများက ကလေးကစားစရာကဲ့သို့ပင်။
"ကျွင်းရှောင်ယောက်... ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ မင်းမထားခဲ့ဘူး မဟုတ်လား..။ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းလို့ ထင်နေတာလား..။ မင်းကို တစ်ချက်တည်းနဲ့ ငါအနိုင်ယူပြမယ်"
"နဂါးပြာကောင်းကင်တံဆိပ်"
ရှောင်ချန်းက ဟိန်းဟောက်လိုက်သောအခါ နဂါးစွမ်းအင်များ ရုန်းကြွကာ မြင့်တက်လာသည်။ ၎င်းက ကောင်းကင်ယံတွင် တံဆိပ်တုံးကြီးတစ်ခုသဖွယ် ဖြစ်တည်လာ၏။
ယင်းက သူအပြင်းအထန် လေ့ကျင့်ထားသော သိုင်းပညာတစ်ခုပင်။
မူလက သူဟာ ဤအကွက်ကို ဝှက်ဖဲအဖြစ်ထား၍ ထုတ်မသုံးလိုသေးပေ။
သို့သော် ကျွင်းရှောင်ယောက်၏စွမ်းအားက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့ပြီ ဖြစ်သည်။။
ထို့ကြောင့် သူ၏ ဝှက်ဖဲကို အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"ကျွင်းရှောင်ယောက်... ဒူးထောက်လိုက်စမ်း"
ရှောင်ချန်းက တံဆိပ်တော်နှင့် ကျွင်းရှောင်ယောက်ကိုထုနှက်ရင်း အော်ဟစ်လိုက်သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က သူ့ကိုအပီတွယ်ချင်နေသော ရှောင်ချန်းကို ခပ်အေးအေးသာ ကြည့်လိုက်၏။
'သနားစရာပဲ...'
သူက ခေါင်းကိုခါယမ်း၍ လက်ကိုမြှောက်လိုက်သည်။ ချက်ချင်းပင် ရွှေရောင်စွမ်းအင်များက တဝုန်းဝုန်းနှင့် ရုန်းကြွကာ လက်နက်များအသွင် စုဖွဲ့လာ၏။
ဓားများ၊ ဆေဘာများ၊ လှံများ၊ ဓားရှည်ကြီးများ၊ စစ်ပုဆိန်ကြီးများ....
သောင်းချီသော ရွှေရောင်လက်နက်များက ကျွင်းရှောင်ယောက်နံဘေးတွင် စုဖွဲ့လာ၏။
ဤအခိုက်တွင် သူက လက်နက်တို့၏ အရှင်သခင်၊ စစ်နတ်ဘုရားကဲ့သို့ပင် ဖြစ်နေတော့သည်။
ယင်းက ကျွင်းမိသားစု၏ လက်နက်တစ်သောင်း မုန်တိုင်းသိုင်းပင်တည်း။
"သွား"
ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ လက်နက်များက မုန်တိုင်းတိုက်ခတ်သကဲ့သို့ ရှောင်ချန်းထံသို့ ပျံသန်းသွားခဲ့သည်။
"မဖြစ်နိုင်ဘူး"
ရှောင်ချန်း အံ့ဩသွားသည်။
သူက အံကြိတ်ကာ တံဆိပ်တုံးကြီးနှင့် ဆက်ထုလိုက်၏။
"ဝုန်း"
တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံသောအခါ စကြာဝဠာတည်ရှိမှုပင် တုန်ခါသွားတော့သည်။
နဂါးပြာကောင်းကင်တံဆိပ်က ထောင်သောင်းချီသော လက်နက်များဖြင့် ချက်ချင်းဆိုသကဲ့သို့ ပျက်ဆီးသွားရသည်။
ထို့အပြင် လက်နက်များက ဆက်လက်တိုးဝင်လာရာ ကမန်းကတန်း ရှောင်တိမ်းပေးရသည်။ သို့တိုင် လုံးဝလွတ်အောင် မရှောင်နိုင်သေးပေ။
"ဖူး"
သွေးများကလည်း နေရာအနှံ့သို့ ဖြာထွက်လာ၏။
သူ့ခန္ဓာအနှံ့သို့ လက်နက်များထိမှန်ကာ တချို့ဆိုလျှင် အရိုးထိပင် နက်ရှိုင်းပေတော့သည်။
သူဟာ ကောင်းကင်ယံမှ အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျပြီး ဆံပင်များလည်း သွေးများစွန်းထင်းကာ ရှုပ်ပွသွားခဲ့သည်။
"ဒါအကုန်ပဲလား"
ကျွင်းရှောင်ယောက် ရှောင်ချန်းကိုကြည့်ကာ ခေါင်းကိုခါယမ်းလိုက်သည်။
"ဖူး"
ထိုစကားကိုကြားသောအခါ ရှောင်ချန်း မခံရပ်နိုင်ဘဲ သွေးများ အန်ထွက်ပြန်တော့၏။
ယင်းက လုံးဝ အရှက်ခွဲ၊ စော်ကားမှုပင်။
ရှောင်ချန်း နီရဲနေသောမျက်လုံးများနှင့် ပိုင်ယုအာကို လှမ်းကြည့်လိုက်သည်။
သူမမျက်လုံးတွင် စိတ်ပျက်မှု၊ စာနာသနားမှုနှင့် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေ၏။
ယင်းက အလွန်တရာ မာနကြီးသော ရှောင်ချန်းအတွက်တော့ နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ကောင်းကင်အထက်မှာ ကောင်းကင်ရှိတယ်... တစ်ယောက်ထက် တစ်ယောက်ပိုသန်မာတယ်... ငါနတ်ဘုရားသားတော်နဲ့ တွေ့ရင် နဂါးရော၊ ကျားရော အကုန် ဝပ်ဆင်းသွားရမယ်"
ကျွင်းရှောင်ယောက်ဟာ လောကကြီးကို အထက်ဆီးမှကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ရှောင်ချန်းကိုငုံ့ကြည့်ကာ ပြောလိုက်လေသည်။
-------------
အခန်း ( ၂၀ ) ရှောင်ချန်း၏ နဂါးချီကိုယူကာ သွေးကြောများကို ဖျက်ဆီးခြင်း၊ ငါမင်းကောင်းဖို့အတွက် လုပ်တာပါကွာ
ကျွင်းရှောင်ယောက် စိတ်ထဲတွင် စနစ်တစ်ခုရှိသည်၊ သူဟာ ပြိုင်ဘက်ကင်းပါရမီ၊ နောက်ခံများနှင့်လည်း မွေးဖွားလာခဲ့၏။
သူက ဤခေတ်တစ်ခုလုံးကို အုပ်စိုးရန်အတွက် မွေးဖွားလာခဲ့သူပင် ဖြစ်သည်။
ဇာတ်လမ်းတစ်ခုတွင် ဇာတ်ရန်များက မည်မျှပင် အစွမ်းထက်နေစေကာမူ နောက်ဆုံးတွင် ဇာတ်ကောင်ကို ကျော်ဖြတ်မရနိုင်ပါချေ။
ယင်းက ရှောင်ချန်းအတွက်ပင် အတူတူသာ ဖြစ်သည်။
"မင်း..."
ရှောင်ချန်း လက်သီးဆုပ်ကာ အံကို တင်းတင်းကြိတ်လိုက်၏။
ဤသို့ ပျော့ဖတ်သည်အထိ အရိုက်ခံရပုံမျိုးကို သူတစ်ခါမျှ မတွေးခဲ့ဖူးပေ။ ယင်းက သူ့စိတ်ထဲတွင် အလွန်အမင်း ရှက်သွားစေခဲ့သည်။
လူအုပ်ကြားမှ ပိုင်ယုအာက ပြောလိုက်သည်။
"တော်လောက်ပြီ ရှောင်ချန်း... နတ်ဘုရားသားတော်က အရမ်းအစွမ်းတာ... သူက နင့်ကို တစ်ခါတည်းသတ်နိုင်ပါလျက်နဲ့ မသိတာကတင် ကြီးမားတဲ့ ကြင်နာခြင်းတစ်ခု ဖြစ်နေခဲ့ပြီ"
သူဟာ ရှောင်ချန်းကိုစိတ်ပျက်လွန်း၍ စေ့စပ်စာချုပ်ကိုပင် ဖျက်သိမ်းပြီးချေပြီ။
သို့သော် ငယ်သူငယ်ချင်းကဲ့သို့ သံယောဇဉ်တချို့က ကျန်ရှိနေဆဲပင်။ သို့သော်လည်း ၎င်းက ဤမျှသာ ဖြစ်သည်။
ရှောင်ချန်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ပါးစပ်ပိတ်ထား ခွေးမ... ငါ့ပုံက ကျွင်းရှောင်ယောက်ရဲ့ ကြင်နာမှုကို လိုအပ်တဲ့ပုံပေါက်နေလို့လား"
ပိုင်ယုအာက ကြင်နာမှုဖြင့် ပြောခဲ့သော်လည်း ထိုစကားများက သူ့ကို အလွန်ဒေါသထွက်စေသည်။
သူ့မျက်လုံးက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေတော့မည်ဖြစ်သော်လည်း ဒေါသနှင့် မကျေနပ်မှုများက မီးတောင်ပေါက်ကွဲသည့်နှယ် ထွက်ပေါ်လာခဲ့၏။
'ဒီငတုံးကောင်... သူက ငါ့ကို တူးတူးခါးခါး မုန်းတီးနေတာပဲ'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။
သို့သော် ယင်းက သူလိုချင်သည့်အတိုင်းသာ ဖြစ်၏။
အကြောင်းမူကား ကျွင်းရှောင်ယောက်စိတ်ထဲတွင် ရှယ်ပလန်တစ်ခု ရှိနေသေးသောကြောင့်သာ ဖြစ်တော့သည်။
"နင်... နင် ငါကစေတနာနဲ့ပြောတာကို စော်ကားတယ်ပေါ့"
ရှောင်ချန်းထံမှ ရင့်သီးသောစကားကြားရသောအခါ ပိုင်ယုအာမျက်နှာက မည်းမှောင်သွားသည်။ ထိုအတွက် ကျန်ရှိနေသေးသော သံယောဇဉ်လက်ကျန်လေးပင် ဖျတ်ခနဲ ပျောက်ကွယ်သွားရ၏။
ရှောင်ချန်းမူကား ရင်ထဲတွင် အောင့်နေဆဲပင်။
ယနေ့တွင် ကျွင်းရှောင်ယောက်ကိုအနိုင်ယူရန် နည်းလမ်းမရှိကြောင်း သူသိနေခဲ့ပြီ ဖြစ်သည်။
ရှောင်ချန်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ လက်သည်းများပင် လက်ဖဝါးကို ပြန်စိုက်ဝင်လာခဲ့၏။
သူက ကျွင်းရှောင်ယောက်နှင့် ပိုင်ယုအာကို အေးစက်စက်နှင့်ကြည့်ပြီး ပြောလိုက်သည်။
"ကျွင်းရှောင်ယောက်... မင်း အထက်ဆီးမှာ အမြဲနေနိုင်မယ်လို့ မထင်လိုက်နဲ့..။ ကံကြမ္မာက မင်းဘက်မှာပဲ အမြဲရှိနေမှာ မဟုတ်ဘူး..။ ရေစီးတစ်ခါ၊ ရေသာတစ်လှည့်... လူငယ်တွေကို အနိုင်မကျင့်နဲ့"
"သုံးနှစ်အကြာမှာ ငါမင်းနဲ့ ထပ်လာတိုက်ခိုက်မယ်"
ရှောင်ချန်း၏မျက်နှာတွင် ပြတ်သားမှုများ ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။ သူ့မျက်ခန္ဓာက သွေးများ စွန်းပေနေသော်လည်း ဖြောင့်မတ်စွာ ရပ်နေပါသေး၏။ ပြတ်သားလွန်းသည့် အကြည့်နှင့် အနိုင်မခံ၊ အရှုံးမပေးသော အမူအရာကလည်း သူ့မျက်နှာတွင် အထင်းသား ပေါ်လွင်နေတော့သည်။
သူ့ဟန်ပန်နှင့် စကားလုံးများအောက်တွင် ကျွင်းမိသားစုမှ မိန်းကလေးတချို့ပင် မျောပါသွားရ၏။
ဤအခိုက်တွင် ရှောင်ချန်းပြသခဲ့သော သဘောထားက သူတို့ကို တုန်ရီစေခဲ့ပေသည်။
ရှောင်ချန်းဟာ လွှမ်းမိုးနိုင်စွမ်းရှိ၍ မလျှော့သောဇွဲလုံ့လရှိသည့် လူငယ်လေးတစ်ယောက်ဟန်ဖြင့်ပြောပြီးနောက် ပြန်လှည့်ထွက်လိုက်၏။ သူ့နောက်တွင်ကား သွေးစက်စက်ကျနေသော ခြေလှမ်းများသာ သက်သေအဖြစ် ကျန်ရစ်ခဲ့တော့သည်။
ဤအခိုက်တွင် ပိုင်ယုအာပင် သူမ မြင်လိုက်ရသည်များအတွက် တုန်ရီသွားမိသည်။
သူဟာ ရှောင်ချန်းကို လူများကြားမှ နဂါးတစ်ကောင်ကဲ့သို့ပင် မြင်ယောင်လိုက်မိ၏။
သို့သော် ထိုအချိန်၌ အေးစက်စက်စကားသံတစ်ချက် ထွက်ပေါ်လာသည်။
"ခဏနေပါအုံး..."
အသံကြားသောအခါ ရှောင်ချန်း ခြေလှမ်းတန့်သွားခဲ့သည်။
"မင်းကိုငါက ထွက်သွားလို့ရပြီလို့ ပြောသေးလို့လား"
ကျွင်းရှောင်ယောက်ဟာ ရယ်ချင်ပက်ကျိမျက်နှာအမူအရာဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေသည်။
'မင်းက ရာဇဝင်မှာ စာတင်လောက်တဲ့စကားတွေကိုပြောပြီး အေးအေးချမ်းချမ်း ထွက်သွားချင်တာလား... ငါ့ကောင်၊ မင်းအများကြီး တွေးထားတာပဲ'
"မင်း...မင်းဘာလုပ်ချင်လို့လဲ"
ရှောင်ချန်း မျက်နှာထား ခပ်တင်းတင်းနှင့် လှည့်ကြည့်လိုက်၏။
ကျွင်းရှောင်ယောက်က နောင်သုံးနှစ်ကြာရင် သူ့ကိုပြန်လာရိုက်မှာစိုးလို့ မစောင့်နိုင်တော့ဘူးလား။
ဒီကျွင်းရှောင်ယောက်က ဘာဖြစ်လို့ ဇာတ်ညွှန်းအတိုင်းမလိုက်တာပါလိမ့်။
"မင်းက ကျွင်းမိသားစုမှာ ငါနတ်ဘုရားသားတော်ကို ဂန္တဝင်စကားတွေပြောပြီး လွယ်လွယ်ထွက်သွားနိုင်မယ်လို့ ထင်နေတာလား..။ မင်းက ကျွင်းမိသားစုကို ဘာထင်နေတာလဲ..။ နတ်ဘုရားသားတော်ကိုရော ဘာထင်နေလို့လဲ"
ကျွင်းရှောင်ယောက်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုရင် မင်းဘာလုပ်မလို့လဲ... နောက်သုံးနှစ်အကြာမှာ ငါမင်းကိုလာရိုက်မှာ ကြောက်လို့လား"
ရှောင်ချန်းက ထိတ်လန့်နေသော်လည်း စိတ်ကိုထိန်းကာ ခပ်တင်းတင်း မေးလိုက်သည်။
ကျွင်းရှောင်ယောက်က ပြုံးရုံပြုံးကာ ပြောလိုက်၏။
"ဟမ့်... ငါ့ကိုလာမစနဲ့..။ နောက်ပြီး ငါမင်းကို အခုသတ်ဖို့ အစီအစဉ်မရှိသေးဘူး"
"ဒါဆိုရင် မင်းဘာလုပ်မလို့လဲ"
ရှောင်ချန်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော် သူ့မျက်နှာထားက တင်းနေသေးကာ သတိမပေါ့ဝံ့ပေ။
"ငါက မင်းကိုမသတ်ပေမဲ့ ဒီအတိုင်းထွက်သွားခွင့်လည်း မပေးနိုင်ဘူး..။ ငါမင်းရဲ့ နဂါးချီကို သဘောကျတယ်"
ပြောပြီးတာနှင့် ကျွင်းရှောင်ယောက် လှုပ်ရှားလိုက်သည်။
သူ့ခန္ဓာတွင်းမှ ရွှေရောင်စွမ်းအင်များဟာ ရွှေရောင်လက်ကြီးကဲ့သို့ ရှောင်ချန်းကို ဖမ်းဆုပ်လာခဲ့၏။
"အရှက်မရှိလိုက်တဲ့ကောင်"
ရှောင်ချန်း အထိတ်တလန့်နှင့် လှည့်ပြေးလိုက်သည်။
သို့သော် ရွှေရောင်လက်ကြီးမှ မလွတ်မြောက်နိုင်ပေ။
ရှောင်ချန်းက လေထဲကိုဖမ်းဆုပ်လိုက်သောအခါ ရှောင်ချန်းထံမှ နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာ၏။
ထို့နောက်တွင်ကား မိုးပြာနဂါးတစ်ကောင် ထွက်ပေါ်လာတော့သည်။
ယင်းက မိုးပြာနဂါးချီပင် ဖြစ်သည်။
"မလုပ်နဲ့... ငါ့နဂါးချီ"
ရှောင်ချန်းမျက်လုံးများ နီရဲသွား၏။
"တိတ်စမ်း"
ကျွင်းရှောင်ယောက် ထပ်မံလှုပ်ရှားလိုက်လေသည်။
ထိုအခါ အော်သံများနှင့် အရိုးကျိုးသံ တဂျွတ်ဂျွတ်တို့ ထွက်ပေါ်လာသည်။
ရှောင်ချန်းခန္ဓာကိုယ်ရှိ အရိုးတစ်ဝက်ကျော်ကျိုးသွားကာ သွေးများ အန်ထွက်လာခဲ့သည်။
"မင်း... မင်းငါ့သွေးကြောတွေကို ဖျက်ဆီးပစ်လိုက်ပြီ"
ရှောင်ချန်းမျက်လုံးများ နီရဲသွားသည်။
ကျွင်းရှောင်ယောက်က ရှောင်ချန်းကိုမသတ်ပေ၊ သို့သော် သူ့သွေးကြောများကို ဖျက်ဆီးပစ်လိုက်၏။
ဤနည်းဖြင့် နောင်သုံးနှစ် နှစ်သုံးရာ၊ နှစ်သုံးထောင်ဆိုလျှင်ပင် ရှောင်ချန်း သူ့ကို ရိုက်နိုင်တော့မည် မဟုတ်ပေ။
"ကျွင်း...ရှောင်...ယောက်"
ရှောင်ချန်း ကျွင်းရှောင်ယောက်ကို တူးတူးခါးခါး မုန်းတီးသွားကာ အော်ဟစ်လိုက်သည်။
ကျွင်းမိသားစုဝင်များလည်း တစ်ကိုယ်လုံးအေးစက်သွား၏။
ယင်းက ကျွင်းရှောင်ယောက်၏ ရက်စက်မှုကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
လေဟာပြင်ထဲတွင် အကြီးအကဲတစ်ယောက်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကျန်းထျန်း... ဒီကလေးက တကယ်ပြတ်သားတာပဲ"
"ကောင်းတယ်... ကျုပ်မြေးက ရက်စက်နိုင်လေ၊ ကျုပ်ပိုပြီး စိတ်သက်သာရာရလေပဲ"
ကျွင်းကျန်းထျန်း ပြုံး၍ ပြောလိုက်သည်။
သူတို့အတွက်တော့ ဤအရာများက ပုံမှန်ပင်။ အနာဂတ်ဧကရာဇ်တစ်ပါးအတွက် ပိုမို ရက်စက်ကြမ်းကြုတ်သည့်အရာများက စောင့်ကြိုနေ၍ ဤသည်က ပုံမှန်သာဖြစ်သည်။
ကျွင်းရှောင်ယောက်က လူအများရှေ့မှာပင် နဂါးချီကိုစုပ်ယူလိုက်၏။
သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများကိုလည်း အဆက်မပြတ်ကြားလာရတော့သည်။
ယင်းက ရှေးဟောင်းဆင်အစေ့များ နိုးထလာခဲ့ခြင်း ဖြစ်သည်။
နဂါးချီတစ်ဝက်ကျော်ကို စုပ်ယူလိုက်သောအခါ နောက်ထပ် ဆင်အစေ့တစ်သောင်း နိုးထလာ၏။
ယခုအခါ အစေ့သုံးသောင်း နိုးပြီး၍ ဂျင်သန်းသုံးရာခွန်အားကို ရရှိခဲ့ချေပြီ။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ နဂါးချီက ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုလည်း အံ့ဩဖွယ်ရာ အားဖြည့်နေသေး၏။ ယင်းက လုံးဝ မယုံနိုင်စရာပင်။
ထို့အပြင် အပြာရောင်အလွှာတစ်ခုကလည်း သူ့အရေပြားအောက်တွင် လှည့်ပတ်နေသေး၏။ သူအလိုရှိသ၍ နဂါးအကြေးခွံကဲ့သို့ ချပ်ဝတ်အကာကွယ်တစ်ခုကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ယင်းက တကယ့်ကို ဆုလာဘ်ကောင်တစ်ခုပင်။ ကျွင်းရှောင်ယောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
ထို့နောက် လက်ကျန်နဂါးချီများကို ပိုင်ယုအာထံ ပေးပို့လိုက်၏။
"သခင်၊ ရှင်..."
ပိုင်ယုအာ အံ့ဩသွားခဲ့သည်။ ကျွင်းရှောင်ယောက်က ဤသို့ပြုလုပ်လာမည်ဟု ထင်မထားခဲ့ပေ။
"မင်းမှာ နတ်ဖီးနစ်ရဲ့ ဖီးနစ်မီးရှိတယ်... ဒီနဂါးချီက မင်းခွန်အားကို ကောင်းကောင်းတိုးတက်စေဖို့ လုံလောက်မှာပါ"
ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူက တစ်ဖက်လူ၏ စိတ်နှလုံးကို အကြွင်းမဲ့အနိုင်ယူနေခြင်းပင်။
ထို့အပြင် ပိုင်ယုအာက ဖီးနစ်ရှေးဟောင်းတိုင်းပြည်ကိုကိုင်တွယ်ရာတွင် လိုအပ်သေးသောကြောင့် အားနည်းမနေသင့်ပါချေ။
"ကျေးဇူးတင်ပါတယ်သခင်"
ပိုင်ယုအာ အလွန်ခံစားသွားရပြီး မျက်လုံးအိမ်ထဲမှ မျက်ရည်များပင် စီးကျလာခဲ့တယ်။
ယင်းက သူမကို ဘဝသစ်တစ်ခု ပေးအပ်လိုက်သည်နှင့်ပင် တူ၏။
ထိုမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်ရသောအခါ ရှောင်ချန်းလည်း ထပ်မံ သွေးအန်သွားတော့သည်။
အမှန်တကယ် စိတ်တိုရသည်။
သူ့အတွင်းအင်္ဂါအားလုံး လောင်ကျွမ်းပျက်ဆီးတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။
ကျွင်းရှောင်ယောက်က သူ့နဂါးချီကိုယူ၍ သူ့အရှေ့တွင် စုပ်ယူသည့်အပြင် သူနှင့်စေ့စပ်ခဲ့ဖူးသောမိန်းကလေးကိုပင် ရက်ရောသူကြီး လုပ်ပြနေသေးသည်။
ပိုင်ယုအာကလည်း ထိုအတွက် အလွန်ခံစားနေရဟန်ရှိ၏။
ထို့ကြောင့် ရှောင်ချန်းဟာ ဒေါသကြောင့် ခန္ဓာကိုယ်ပေါက်ကွဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရတော့သည်။
ယင်းကိုမြင်သောအခါ ကျွင်းရှောင်ယောက် လေးလေးနက်နက် ပြောလိုက်သည်။
"ဒေါသမထွက်နဲ့ ရှောင်ချန်း... မင်းသေချာစဉ်းစားကြည့်နော်... မင်းရဲ့နဂါးချီကိုယူပြီး သွေးကြောတွေ ဖျက်ဆီးပစ်တယ်ဆိုတာ တကယ်တော့ မင်းကောင်းဖို့အတွက်ပဲ"
ပုံမှန်အားဖြင့် အဓိကဇာတ်ကောင်အားလုံးဟာ အထွတ်အထိပ်သို့ မရောက်မီ မဖော်ပြနိုင်လောက်သော အခက်အခဲမျိုးစုံကို ကြုံခဲ့ရသည် မဟုတ်ပါလား။
အနည်းငယ်မျှ နာကျင်မှုမရှိလျှင် အဓိကဇာတ်ကော်ဟု ပြောရန်မသင့်ပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်အမြင်တွင် ယင်းက တစ်ဖက်လူကောင်းကျိုးအတွက် စွမ်းစွမ်းတမံကြိုးစားပေးနေခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ထိုစကားများက ရှောင်ချန်းကို အလွန်ဒေါသထွက်သွားစေခဲ့သည်။ သူဟာ လုံးဝသည်းမခံနိုင်တော့ဘဲ ဝူးဝူးဝါးဝါးအော်ဟစ်လိုက်၏။ ချက်ချင်းပင် စွမ်းအင်များ ကမောက်ကဖြစ်၍ သွေးအန်ကာ သတိလစ်သွားရလေတော့သည်။
-------------
အခန်း ( ၂၁ ) ဆယ်နှစ်ပြည့်မွေးနေ့ပွဲအတွက် ပြင်ဆင်ရန်၊ လက်စွပ်ထဲမှအဖိုးကြီး ကိုယ်ထင်ပြလာခဲ့ချေပြီ
ဒေါသကြောင့် သတိလစ်သွားသော ရှောင်ချန်းကိုကြည့်ကာ ကျွင်းမိသားဝင်များ တုန်တုန်ရီရီ ဖြစ်ကုန်သည်။
ကျွင်းရှောင်ယောက်ဟာ တိုက်ခိုက်နိုင်စွမ်း သန်မာသကဲ့သို့ သူ့ပါးစပ်ကလည်း မခေပေ။
သူ့စကားလုံးတချို့က ရှောင်ချန်းကို ဒေါသထွက်၍ သေလုနီးပါး ဖြစ်သွားစေခဲ့၏။
ကျွင်းရှောင်ယောက်လည်း ဘာပြောရမှန်းမသိတော့ဘဲ သက်ပြင်းကိုသာ ချလိုက်တော့သည်။
သူက အမှန်တရားကိုသာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရှောင်ချန်းကဲ့သို့ ကံကောင်းသူများဟာ ကံဆိုးခြင်းများနှင့် ကြုံရပြီးလျှင် ပိုကံကောင်းလာတတ်၏။ ၎င်းတို့က အရှိန်အဟုန်ဖြင့် ပြန်တိုးတက်၍ နောက်ဆုံးတွင် ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်ကြပေလိမ့်မည်။
ထို့ကြောင့် တွေးကြည့်ရလျှင် ကျွင်းရှောင်ယောက်က ရှောင်ချန်းကောင်းဖို့အတွက် ကြိုးစားပေးနေခြင်းသာ ဖြစ်သည်။
"တစ်ယောက်ယောက် သူ့ကိုတံခါးအပြင် ခေါ်ထုတ်သွားကြစမ်း"
ကျွင်းရှောင်ယောက် သူ့လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
ချက်ချင်းပင် ကျွင်းမိသားစုမှ အစောင့်တစ်ယောက်ထွက်ပေါ်လာကာ သတိလစ်နေသောရှောင်ချန်းကို သယ်ထုတ်သွားတော့သည်။
ထိုစဉ် လေဟာပြင်ထဲရှိ ကျွင်းကျန်းထျန်းက ကိုယ်ထင်ပြလာသည်။
"အဘိုး"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။
ကျွင်းကျန်းထျန်းနှင့် အကြီးအကဲများ စောင့်ကြည့်နေကြောင်း အစောကြီးကတည်းက သူသတိထားမိခဲ့ပေသည်။
"ရှောင်ယောက်... နွေးဦးလေညှင်း တိုက်ခတ်လာတဲ့အခါ တောမီးတောင် မြက်ပင်လေးကို မလောင်နိုင်တော့ဘူး... ဒါကြောင့် မျက်တစ်ပင်ဆိုရင်တောင် အမြစ်ကနေ ဖယ်ရှားဖို့လိုတယ်..။ ဒါကို မင်းသိလား"
ကျွင်းကျန်းထျန်း အလေးအနက်ပြောလိုက်သည်။
သူဟာ ကျွင်းရှောင်ယောက်က မာနကြီး၍ ပြိုင်ဘက်များကို အထင်အမြင်သေးတတ်လာမည်ကို ကြောက်၏။
မိမိလက်ထဲမှရန်သူကို အလွယ်တကူ ပြန်လွှတ်ပေးခြင်းက မကောင်းပေ။
"ဟီးဟီး၊ အဘိုးစိတ်မပူပါနဲ့... ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်"
ကျွင်းရှောင်ယောက် ရယ်မောလိုက်သည်။
ကျူပင်ခုတ် ကျူငုတ်ပင် မချန်သင့်ကြောင်း ကျွင်းရှောင်ယောက် သိ၏။
သို့သော် ရှောင်ချန်းက သူ့အတွက်တော့ အချိန်မရွေး ရိတ်သိမ်းနိုင်သော ကြက်သွန်မြိတ်ကဲ့သို့ပင် မဟုတ်ပါလား။
ယခုအခါ ကျွင်းရှောင်ယောက်က သူ့ထံမှ နဂါးချီတစ်ခုတည်းသာ ရသေးပေရာ အချိန်မကျသေးပေ။
ရှောင်ချန် ပိုဖွံ့ဖြိုးလာသောအခါမှ ရိတ်သိမ်းရလျှင် သူ့အတွက် အကျိုးအမြတ်ပိုများလာမည် မဟုတ်လော။
ရှောင်ချန်းက သူ့အတွက် အသုံးမဝင်တော့သည့်အခါမှ ၎င်း၏သနားစရာဘဝကို အဆုံးသတ်ပေးတော့မည် ဖြစ်သည်။
"မင်းဘာလုပ်တယ်ဆိုတာသိရင်တော့ ကောင်းတာပေါ့..။ တကယ်တော့ ဒီလိုအာလူးပုတ်က ငါတို့အတွက် ပြဿနာသိပ်မရှိပါဘူး... အခုတော့ နောက်နှစ်အတွက် ပြင်ဆင်သင့်ပြီ"
ကျွင်းကျန်းထျန်း ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ခပ်ဖြေးဖြေး ခေါင်းညိတ်လိုက်၏။
ကျွင်းကျန်းထျန်းပြောသည်က ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့် မွေးနေ့ပွဲအကြောင်းပင်။
ထိုအချိန်တွင် ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဆွဲဆောင်နိုင်သည့် အခမ်းအနားကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျွင်းရှောင်ယောက်၏ မိခင်ဘက်မှ ရှေးဟောင်း မင်းမျိုးနွယ် ကျန်းမိသားစုဝင်များကိုလည်း ဖိတ်ခေါ်ရမည် ဖြစ်သည်။
ကျန်းရော့ဟာ သူ့ကို ကျန်းမိသားစုမှ ပုလဲရတနာနှင့် မိတ်ဆက်ပေးရန် အမြဲကြံစည်လျက်ရှိ၏။
ထိုအပြင် ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲ၌ စီကွမ်သုညရာထူးကိုလည်း ကြေညာပေလိမ့်မည်။
ထိုအခါ တခြားစီကွမ်များက အလွယ်တကူ လက်ခံကြရန် မသေချာသောကြောင့် မိသားစုအတွင်း၌ပင် လှုပ်ရှားမှုများ ရှိနိုင်သည်။
ထို့ကြောင့်ပင် ကျွင်းကျန်းထျန်းက ကျွင်းရှောင်ယောက်ကို သေချာ ပြင်ဆင်ထားစေချင်၏။
"စိတ်မပူပါနဲ့ အဘိုး... ကျွန်တော် အမေနဲ့ ဘိုးဘေးဆယ့်ရှစ်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး”
ကျွင်းရှောင်ယောက် ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
ထို့အပြင် ဆယ်နှစ်ပြည့်မွေးနေ့ပွဲတွင် လက်မှတ်ထိုးဝင်ရပေဦးမည်။ ထိုကိစ္စကို သူမမေ့ပေ။
ထိုအချိန်တွင် ရရှိလာမည့်ဆုလာဘ်က သူ့ခွန်အားကို အလွန်တိုးတက်လာနိုင်ပေလိမ့်မည်။
"ကောင်းတယ်... အဘိုးမင်းကိုယုံတယ်"
ကျွင်းကျန်းထျန်း ကျေနပ်စွာ ပြုံးလိုက်သည်။
ထို့နောက် ကျွင်းရှောင်ယောက်ဟာ နဂါးချီကို သေချာစုပ်ယူရန် ကောင်းကင်ဧကရာဇ်နန်းတော်သို့ ပြန်လာခဲ့လိုက်သည်။
ပိုင်ယုအာလည်း ကောင်းကင်ဧကရာဇ်နန်းတော်တွင် ယာယီနားနေလိုက်၏။
သူလည်း နဂါးချီကို ရရှိခဲ့ပေရာ ကောင်းစွာစုပ်ယူရဦးမည်။ ပြီးလျှင်တော့ ပိုင်ယုအာ၏ခွန်အားက မြန်ဆန်စွာ တိုးတက်လာမှာ သေချာပေတော့သည်။
အရေးကြီးဆုံးက သူဟာ ကျွင်းရှောင်ယောက်ထံ၌ အကြွင်းမဲ့သစ္စာခံလိုက်ခဲ့ချေပြီ။ ကျွင်းရှောင်ယောက်က သူ့ကို သေခိုင်းလျှင်ပင် လုံးဝ တွန့်ဆုတ်နေမည် မဟုတ်ပေ။
........
ကျွင်းမိသားစု၏ ကလန်တံခါးဝတွင် ရှောင်ချန်း သတိပြန်လည်လာသည်။
"အဟွတ် အဟွတ်..."
ရှောင်ချန်း ပြင်းပြင်းထန်ထန်ချောင်းဆိုးရင်း လူးလဲကာ ထရပ်လိုက်သည်။ သူ့တစ်ကိုယ်လုံး အပြင်ဒဏ်ရာ၊ အတွင်းဒဏ်ရာများ ရရှိနေသည့်အပြင် သွေးကြောများလည်း ပျက်ဆီးသွားချေပြီ။
သူ့အခြေအနေက အဆိုးဆုံးကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျွင်းမိသားစုဝင်များကတော့ သူ့ကို ကျေနပ်စွာဖြင့် ကြည့်ရှုနေကြ၏။
မောက်မာစွာဖြင့် လာရောက်ခဲ့သော ရှောင်ချန်းသည်လည်း ယခုတော့ အမှိုက်တစ်စကဲ့သို့ ဖြစ်နေခဲ့ရချေပြီ။
"ရှေးဟောင်းနဂါးတိုင်းပြည်ရဲ့ မင်းသားက ဒီလောက်တောင် ညံ့ရသလား"
“ဖြစ်နိုင်တယ်... သူ့ကို့ကြည့်ရတာ ခွေးလေခွေးလွင့်နဲ့ပိုတူတယ်”
"ဒီအတွက်တော့ သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်... နတ်ဘုရားသားတော်ကို ဘယ်လိုသတ္တိနဲ့များ စိန်ခေါ်ဝံ့တာလဲ..။ အခုတော့ သူနဲ့စေ့စပ်ထားသူကိုတောင် လက်လွှတ်လိုက်ရပြီ... ဒါက သူနဲ့ထိုက်တန်တယ်"
ပတ်ဝန်းကျင်မှလူများဟာ ရှောင်ချန်းကိုကြည့်၍ပြောဆိုလိုက်ကြသည်။
ရှောင်ချန်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ တရွေ့ရွေ့ ထွက်ခွာလိုက်၏။
လူမြင်ကွင်းမှ ကွယ်ပျောက်သည်နှင့် ဒေါသတကြီးအော်ဟစ်ကာ တွေ့ကရာအပင်များကို လိုက်လံထိုးကြိတ်လေတော့သည်။
"ချီးပဲ... ကျွင်းရှောင်ယောက်..။ အနာဂတ်မှာ ငါအခွင့်အရေးရရင် ဒီနေ့အတွက် အဆထောင်ချီ ပြန်ပေးဆပ်ရစေမယ်"
ရှောင်ချန်းက လက်သီးကို ကျစ်ကျစ်ပါဆုပ်ထားလေသည်။ ထိုစဉ် သူ့လက်မှစီးကျလာသော သွေးများက နဂါးလက်စွပ်ထဲသို့ စီးဝင်သွား၏။
ရုတ်တရက် အဘိုးကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာတော့သည်။
"ရှေးဟောင်းနဂါးတိုင်းပြည်ရဲ့လူတွေက မင်းလိုပဲ စိတ်ဓာတ်ကျနေတတ်သလား"
"ဘယ်သူလဲ"
ရှောင်ချန်း ပတ်ဝန်းကျင်ကို ချက်ချင်း ဝေ့ကြည့်လိုက်သည်။
ထိုစဉ် သူ့လက်မှ နဂါးလက်စွပ်ဟာ မိုးပြာရောင်အလင်းများ ထွက်ပေါ်လာ၏။
ချက်ချင်းပင် ရှောင်ချန်းအရှေ့၌ မျက်ခုံးဖြူဖြူနှင့် မိုးပြာနဂါးဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီးပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
“ခင်ဗျား… ခင်ဗျား…”
အဘိုးအိုကို စိုက်ကြည့်ရင်း ရှောင်ချန်းမျက်လုံးများ ပြူးကျယ်သွား၏။
အဘိုးကြီး၏ ဦးခေါင်းတွင်ကား နဂါးဦးချိုနှစ်ချောင်း ပေါက်နေပေသည်။
ရှောင်ချန်းလည်း ဤအဘိုးအိုကို တစ်နေရာရာတွင်မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။
"ဟီးဟီး... ငါ့မျိုးဆက်ကလေးတွေ ငါ့ကိုတောင် မေ့လျော့နေကြပြီလား"
မိုးပြာရောင်ဝတ် နဂါးဦးချိုနှင့်အဘိုးကြီးဟာ ရယ်မောကာ ပြောလိုက်၏။
ရုတ်တရက် ရှောင်ချန်းမျက်လုံးတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာ၍ အသက်ပြင်းပြင်း ရှူလိုက်တော့သည်။
"ခင်ဗျားက... မိုးပြာနဂါးသခင်... ရှေးဟောင်းနဂါးတိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ မိုးပြာနဂါးသခင် မဟုတ်လား"
နောက်ဆုံးတွင် ဤအဘိုးအိုက ဘယ်သူဆိုတာ သူသတိရသွားချေပြီ။
ရှေးဟောင်းနဂါးတိုင်းပြည်ရှိ ဘိုးဘေးကြီး၏ ရုပ်တုကလည်း ဤအဘိုးအိုနှင့် အတူတူပင် မဟုတ်ပါလား။
သမိုင်းမှတ်တမ်းများအရ တည်ထောင်သူဘိုးဘေးကြီး မိုးပြာနဂါးသခင်ဟာ အဓိပဓိတစ်ပိုင်းနယ်ပယ် ဖြစ်သည်။
သူဟာ အဓိပဓိသခင်ဖြစ်လာရန်ပင် ခြေတစ်လှမ်းသာ လိုတော့၏။
အဓိပဓိတစ်ပိုင်းဆိုလျှင်ပင် အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်သည်။
"နဂါးတိုင်းပြည်ရဲ့ မင်းသားရှောင်ချန်းက တည်ထောင်သူဘိုးဘေးကို ဂါရဝပြုပါတယ်"
ရှောင်ချန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ့မိခင်ပေးခဲ့သော နဂါးလက်စွပ်၌ ဘိုးဘေးကြီးရှိနေမည်ဟု ထင်မထားခဲ့ပါချေ။
မိုးပြာနဂါးသခင်က ရှောင်ချန်းကိုကြည့်ကာ ပြောလိုက်သည်။
"တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ငါနိုးထလာကတည်းက မင်းကို သတိထားခဲ့မိတယ်..။ ဒါကြောင့်ပဲ ငါ့ရဲ့ အရင်းအမြစ်နဲ့ ကျင့်စဉ်တွေ မင်းကိုလွှဲပေးခဲ့တာပေါ့... ဒါတောင်မှ ကျွင်းမိသားစုက ကလေးကို ရှုံးနိမ့်ခဲ့ရသေးတယ်"
ထိုစကားကိုကြားသောအခါ ရှောင်ချန်းမျက်နှာတွင် နာကျည်းမှုများဖြစ်ပေါ်လာ၍ ပြောလိုက်သည်။
"ဒါဆိုရင် ကျွင်းရှောင်ယောက်ကိုသတ်ဖို့ ကျွန်တော့်ကို ဘာဖြစ်လို့ မကူညီခဲ့တာလဲ"
"ငတုံးလေးပဲ... အဲဒီအချိန်က ငါလှုပ်ရှားခဲ့ရင် မင်းရောငါပါ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး"
မိုးပြာနဂါးသခင် ဆူလိုက်သည်။
သူဟာ ရှောင်ချန်း၏အစွမ်းအစကို အမြဲကျေနပ်နေခဲ့သော်လည်း ယခုကဲ့သို့ ရူးသွပ်လာမည်ဟု ထင်မထားခဲ့ပေ။
"ဒါပေမဲ့ ဘိုးဘေးက အဓိပဓိတစ်ပိုင်းကျင့်ကြံသူ မဟုတ်ဘူးလား..။ ဘိုးဘေးတောင် ကျွင်းမိသားစုကို မဆန့်ကျင်နိုင်ဘူးလား"
ရှောင်ချန်းက လက်မလျှော့ချင်သေးပေ။
မိုးပြာနဂါးသခင်လည်း ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"ငါ့ခွန်အား အမြင့်ဆုံးမှာ ရှိနေချိန်တောင် မရတာကို အခုလို ခွန်အား ဆယ်ပုံတစ်ပုံပဲရှိတဲ့အချိန်ကတော့ ပြောကို မပြောတော့နဲ့..။ ရှေးဟောင်းမျိုးနွယ်စုဆိုတာ မင်းထင်ထားတာထက် အများကြီး ပိုကြောက်စရာကောင်းတယ် ကောင်လေး"
"ဒါဆိုရင် ကျွန်တော်ဘယ်တော့မှ လက်စားချေလို့ မရတော့ဘူလား"
ရှောင်ချန်း အံတင်းတင်းကြိတ်လိုက်၏။
သူက အမှိုက်ဖြစ်သွားပြီး မိုးပြာနဂါးသခင်ကလည်း မကူညီနိုင်ပေ။
"စိတ်ဓာတ်မကျပါနဲ့... မင်းက ရှေးဟောင်းနဂါးတိုင်းပြည်ရဲ့ မင်းသားတစ်ယောက်ပဲလေ... တိုင်းပြည်က အနာဂတ်မှာ မင်းကို လိုအပ်နေတုန်းပဲ... မင်းကို ဒီလိုပုံစံမျိုးနဲ့ ငါ အဆုံးသတ်ခွင့်မပေးဘူး"
မိုးပြာနဂါးသခင်က ပြောလိုက်သည်။
"ကျွန်တော့်ကိုကူညီပေးပါ... ဒီအတွက် အရာအားလုံးကို ကျွန်တော်ပေးဆပ်နိုင်တယ်"
ရှောင်ချန်း စိတ်ပိုင်းဖြတ်ကာ ပြောလိုက်၏။
"ကောင်းပြီ"
မိုးပြာနဂါးသခင် စိတ်သက်သာရာရသွားကာ မိုးပြာရောင် စာလိပ်တစ်ခုကို ထုတ်ယူပြီး ပြောလိုက်သည်။
"အခု မင်းရဲ့သွေးကြောတွေ ပျက်ဆီးကုန်ပေမဲ့ လုံးဝ ကံမဆိုးသေးပါဘူး... ဒါက ငါလေ့ကျင့်ဖူးတဲ့ အဓိပဓိတစ်ပိုင်းအဆင့် ကြည်လင်ကောင်းကင်မိုးပြာနဂါးအသွင်ပြောင်းကျမ်းပဲ... အခု မင်းကိုပေးလိုက်မယ်"
"မိုးပြာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်တာလား... ဒါဆိုရင် ငါ့ကို ဘယ်သူရိုက်နိုင်အုံးမှာလဲ"
စိတ်ပျက်မှုများ ပြည့်နှက်နေသော ရှောင်ချန်းမျက်လုံးထဲတွင် မျှော်လင့်ချက်မီးတောက်များ ရုတ်တရက် တောက်လောင်လာ၏။
သူ့မျက်လုံး၌ တိုက်ခိုက်ချင်သော စိတ်ဆန္ဒများ ပြန်လည် ထွက်ပေါ်လာတော့သည်။
"ကျွင်းရှောင်ယောက်... မာနကြီးတာက မင်းရဲ့ အားနည်းချက်ဆိုရင် ငါ့ကို အသက်ရှင်ခွင့်ပေးလိုက်တာက မင်းရဲ့ အမှားကြီးတစ်ခု ဖြစ်သွားခဲ့ပြီ"
"မင်းငါ့ကိုလုပ်ခဲ့တာတွေအတွက် ဆယ်ဆ၊ အဆတစ်ရာ ငါပြန်ပြီး လက်စားချေမယ်"
-------------
အခန်း ( ၂၂ ) နတ်ဘုရားသားတော် ပထမဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံပြီဟေ့၊ ဘိုးဘေးနဂါးသိုက်မှ မင်းသား လုံဟောက်ထျန်း
ယုံကြည်မှုအပြည့်ရှိ၍ တိုက်ခိုက်ချင်စိတ်ပြည့်နှက်နေသော ရှောင်ချန်းကိုမြင်ပြီးနောက် မိုးပြာနဂါးသခင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုစရိုက်မျိုးရှိမှသာ တိုင်းပြည်အနာဂတ် ဖြစ်နိုင်ပေလိမ့်မည်။
"ဒါနဲ့ မင်း ကြည်လင်ကောင်းကင်မိုးပြာနဂါးအသွင်ပြောင်းကျမ်းကို မြန်မြန်လေ့ကျင့်ရမယ်..။ နောင်နှစ်အနည်းငယ်အတွင်မှာပဲ အဓိပဓိယွမ်ထျန်းရဲ့ ရတနာသိုက်ပွင့်လာတော့မယ်လို့ ငါနိမိတ်တွေရနေတယ်"
မိုးပြာနဂါးသခင် ပြောလိုက်သည်။
"အဓိပဓိယွမ်ထျန်း၊ သူက အဓိပဓိအဆင့် ကျင့်ကြံသူလား"
ရှောင်ချန်း မျက်လုံးများ ပြူးကျယ်သွား၏။
"အမှန်ပဲ... အဓိပဓိယွမ်ထျန်းက အရမ်းတန်ခိုးထက်တယ်... အတိတ်က အဓိပဓိယွမ်ထျန်းဟာ ဘိုးဘေးနဂါးအသိုက်ရဲ့ တော်ဝင်မိသားစုဆီကနေ ရှေးဟောင်းနဂါးအရိုးနှစ်ခုကို လုယူခဲ့ဖူးတယ်လို့တောင် ကောလဟာလတွေ ထွက်ပေါ်နေတာ"
မိုးပြာနဂါးသခင် ပြောလိုက်သည်။
ရှေးဟောင်းနဂါးအရိုးများအကြောင်းပြောသောအခါ မိုးပြာနဂါးသခင်၏ မျက်လုံးများက အရောင်တလက်လက်တောက်ပသွား၏။
"ရှေးဟောင်းတော်ဝင်မိသားစု..."
ရှောင်ချန်း အသက်ပြင်းပြင်းရှူလိုက်မိသည်။
ရှေးဟောင်းတော်ဝင်မိသားစုကိုပင် စော်ကားဝံ့သော အဓိပဓိယွမ်ထျန်းဟာ အလွန်တန်ခိုးထက်ခဲ့ပုံရသည်။
သို့သော်လည်း သူက မိုးပြာနဂါးသခင်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်၍ ပြောလိုက်သည်။
"ဘိုးဘေးက ကျွန်တော့်ကို သွားယူစေချင်တာလား"
မိုးပြာနဂါးသခင် မကွယ်ဝှက်ဘဲ ပြောလိုက်၏။
"ဟုတ်တယ်... အဓိပဓိယွမ်ထျန်းရဲ့ အမိန့်တံဆိပ်တစ်ခုကို ရှာရမယ်... ပြီးရင် ရတနာသိုက်ထဲဝင်ပြီး ရှေးဟောင်းနဂါးအရိုးနဲ့ ရတနာတွေကို ရှာဖွေမယ်"
"ရှေးဟောင်းနဂါးအရိုးကိုရရင် မင်းရဲ့ နဂါးအသွင်ပြောင်းကျမ်းက ပြီးပြည့်စုံတဲ့ အထွတ်အထိပ်ကို ရောက်သွားစေနိုင်မှာ"
"ရှေးဟောင်းနဂါးအရိုးတစ်စုံနဲ့ဆိုရင် ငါ့ခန္ဓာကိုယ်ကိုလည်း ပြန်တည်ဆောက်နိုင်လိမ့်မယ်"
ရှောင်ချန်း ပြတ်သားသော မျက်နှာအမူအရာနှင့် လက်သီးဆုပ်လိုက်၏။
"စိတ်ချပါ ဘိုးဘေး... ကျွန်တော် အဓိပဓိယွမ်ထျန်းရဲ့ တံဆိပ်တစ်ခုကိုရှာပြီး ရှေးဟောင်းနဂါးအရိုးကို ရအောင်ယူခဲ့မယ်"
"ပြီးရင် ကျွင်းရှောင်ယောက်နဲ့ မိန်းမယုတ် ပိုင်ယုအာကို သူတို့နဲ့ထိုက်တန်တာတွေ ပြန်ပေးဆပ်ရမယ်"
ရှောင်ချန်း ကောင်းကင်ကိုမော့ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ လက်စားချေခြင်း၏ ချိန်မြိန်သောအရသာကို ခပ်ရေးရေး ခံစားလိုက်ရတော့သည်။
........
ထိုအချိန်တွင် ကျွင်းမိသားစု၏ ကောင်းကင်ဧကရာဇ်နန်းတော်အတွင်းဝယ်...
"ဟပ်ချိုး"
ကျွင်းရှောင်ယောက် နှာခေါင်းကိုပွတ်လိုက်သည်။
“တစ်ယောက်ယောက်တော့ ငါ့ကို ကျိန်ဆဲနေပြီ... ဒါက ရှောင်ချန်းများလား"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်၏။
လုံရိုးလုပ်စဉ်အရ ယခုအခါ ရှောင်ချန်းတစ်ယောက် ကံကောင်းခြင်းနှင့် ကြုံနေရသင့်သည်။ ထို့နောက် သူ့ကိုလက်စားချေရန်နည်းလမ်းကို တွေးတော ကြံဆနေပေလိမ့်မည်။
"ရှောင်ချန်း... အခုတစ်ခေါက်မှာ မင်းရဲ့ နဂါးချီနဲ့ စေ့စပ်ထားတဲ့မိန်းမလှကို ငါ့ပေးခဲ့ပြီ... နောက်တစ်ခါကျရင် ငါ့အတွက် မင်းဘာလက်ဆောင်တွေများ ယူဆောင်လာပေးမလဲ"
ကျွင်းရှောင်ယောက် ရယ်မောလိုက်၏။
သူဟာ ရှောင်ချန်းကို ပို၍တိုးတက်လာစေရန် မျှော်လင့်နေသည်။ လယ်သမားတစ်ယောက်က ကောက်ပဲသီးနှံများကို ရိတ်သိမ်းရာတွင် မငြီးငွေ့သကဲ့သို့ သူသည်လည်း ကြက်သွန်မြိတ်များကို ရိတ်သိမ်းရန်အတွက် ငြီးငွေ့နေမည် မဟုတ်ပေ။
"ထားပါ... အခု သူ့အကြောင်းကို ခဏဘေးဖယ်ထားရအောင်... နောက်နှစ်နည်းနည်းကြာရင် သူနဲ့ ပြန်တွေ့ရမှာပဲကို"
"အခုက ငါ့ဆယ်နှစ်ပြည့်မွေးနေ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ဖို့ပဲ... ဒီအတွက် ငါတံခါးပိတ်လေ့ကျင့်သင့်ပြီ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
ယင်းက သူ့ဘဝတွင် ပထမဆုံးအကြိမ် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်မြေကြီးကို မိတ်ဆက်ရသောပွဲပင်။
ထို့ကြောင့် သူစွမ်းဆောင်ရည်မကောင်းလျှင် အရှက်ရနိုင်ပေ၏။
ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံတော့မည်ဟူသောသတင်းက ကျွင်းမိသားစုတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
"ဝါး... ကျုပ်တို့ရဲ့ နတ်ဘုရားသားတော်က တံခါးပိတ် ကျင့်ကြံတော့မှာလား"
"ကျုပ်အမှတ်မမှားရင် နတ်ဘုရားသားတော်က တံခါးမှ တံခါးပိတ် မကျင့်ကြံရသေးဘူး"
"သူက တံခါးပိတ် မကျင့်ကြံတာတောင် ဒီလောက်မြန်မြန် တိုးတက်နေတာ"
"ဒီတစ်ခါ နတ်ဘုရားသားတော်က အစစ်အမှန်ဝိညာဉ်နယ်ပယ်ကို အဆင့်တက်တော့မှာလား"
ကျွင်းမိသားစုအတွင်း၌ ကြွက်စိကြွက်စိ စကားသံများ ထွက်ပေါ်လာသည်။
ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံပြီးချိန်တွင် မည်မျှတိုးတက်လာမလဲဆိုတာကိုအားလုံး သိချင်နေကြ၏။
ဤသို့ဖြင့် တစ်နှစ်အချိန်များ တရွေ့ရွေ့ကုန်လွန်သွားတော့သည်။
ဤနှစ်တွင် ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပမည့်သတင်းက ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အင်အားစုများစွာကလည်း ကျွင်းမိသားစုကို အာရုံစိုက်လာကြ၏။
နောက်ဆုံးတွင် လွန်ခဲ့သောဆယ်နှစ်က ကျွင်းရှောင်ယောက်၏ မွေးဖွားလာပုံဟာ အလွန်ခမ်းနားခဲ့သည် မဟုတ်ပါလား။
"နတ်ဘုရားသားတော်ရဲ့ ဖခင်က ဒဏ္ဍာရီလာ အဖြူရောင်နတ်ဘုရားဘုရင်ပဲဗျ... သူကလည်း အဖေတူသားထင်တယ်"
"ဟုတ်တယ်ဗျ... အဖြူရောင်နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ဆိုတာ တော်ဝင်လမ်းစဉ်ကို လျှောက်ပြီး နတ်ဘုရားတွေနဲ့တောင် ထိတွေ့နိုင်ခဲ့တဲ့ ယောင်္ကျားကောင်းပါဗျာ..။ ဒါပေမဲ့ ကံမကောင်းချင်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်က..."
အင်မော်တယ်နယ်မြေအတွင်းမှ တန်ခိုးရှင်ကြီးများဟာ နတ်ဘုရားစိတ်ဝိညာဉ်နှင့် ဆက်သွယ်ကာ ပြောဆိုလိုက်ကြ၏။
နာမည်ကြီး တန်ခိုးရှင်တစ်ဦး၏ သားဖြစ်သောကြောင့်လည်း အားလုံးဟာ စိတ်ဝင်စားနေကြတော့သည်။
….......
ဟုန်ကျိုးစီရင်စုဟာ ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေရှိ တာအိုစီရင်စုသုံးထောင်အနက် တစ်ခုဖြစ်သည်။ ထိုနေရာဟာ ဘိုးဘေးနဂါးသိုက်မှ ရှေးဟောင်းတော်ဝင်မိသားစု၏ ဩဇာသက်ရောက်မှုအောက်တွင် ရှိ၏။
တာအိုစီရင်စုအများစုကို အဓိကအင်အားစုကြီးများက နည်းအမျိုးမျိုးဖြင့် ချုပ်ကိုင်ထားခဲ့ကြပေသည်။
ဥပမာ ဖီးနစ်ရှေးဟောင်းတိုင်းပြည်ဟာ မီးတောက်စီရင်စုတစ်ခုလုံးကို အုပ်ချုပ်ထားခဲ့ကြသည် မဟုတ်ပါလား။
ဟုန်ကျိုးစီရင်စုက ဘိုးဘေးနဂါးသိုက်မှ ထိန်းချုပ်ထားသည့် စီရင်စုငါးဆယ်အနက်မှ တစ်ခုသာ ဖြစ်သည်။
အင်အားကွာဟမှုအရ ဘိုးဘေးနဂါးသိုက်ဟာ တာအိုစီရင်စုငါးဆယ်ကို ထိန်းချုပ်ထားနိုင်ကြ၏။ ဖီးနစ်ရှေးဟောင်းတိုင်းပြည်ကတော့ မီးတောက်စီရင်စုတစ်ခုကိုသာ အုပ်ချုပ်နိုင်ခဲ့ကြပေသည်။
ယင်းက သာမန်အင်အားစုနှင့် ရှေးဟောင်းတော်ဝင်မိသားစုကြီးကြားမှ ကွာဟမှုသာ ဖြစ်သည်။
သို့ရာတွင် ကျွင်းမိသားစုက ပိုကြောက်စရာကောင်း၏။ ၎င်းတို့က တာအိုစီရင်စုတစ်ရာအထိ ထိန်းချုပ်ထားကာ ဘိုးဘေးနဂါးသိုက်ထက် နှစ်ဆပိုပေသည်။
ဧကရာဇ်စီရင်စုက ကျွင်းမိသားစု၏ ဌာနချုပ်ဖြစ်သည်။
ဟုန်ကျိုးစီရင်စုရှိ မြို့ကြီးတစ်မြို့တွင်...
ပုံသဏ္ဍာန်မျိုးစုံနှင့် အသွင်သဏ္ဍာန်အမျိုးမျိုးရှိသော လူတူ(လူလိုလိုတိရိစ္ဆာန်လိုလို) သက်ရှိ အများအပြား သွားလာလှုပ်ရှားနေကြသည်။
အချို့က ဦးခေါင်းတွင် အနက်ရောင် ဦးချိုများနှင့် အချို့ကလည်း ကျောပေါ်တွင် အတောင်များရှိသည်။ အချို့ကတော့ နဖူးပေါ်တွင် အကြေးခွံများရှိကာ တချို့မူကား တိရိစ္ဆာန်မျက်လုံးကဲ့သို့ မျက်လုံး များကိုပင် ပိုင်ဆိုင်ထား၏။
ဤသတ္တဝါများအားလုံးက ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ ရှေးဟောင်းမျိုးနွယ်စုများမှ ဆင်းသက်လာကြခြင်းဖြစ်သည်။
ရှေးဟောင်းတော်ဝင်မိသားစုကလည်း ဤသို့သော မျိုးနွယ်များသာ ဖြစ်ချေသည်။
ဤတွင် လူသားမျိုးနွယ်နှင့် ထူးခြားသော သက်ရှိသတ္တိဝါမျိုးစုံ နေထိုင်သည်။
ဤစီရင်စုတွင် လူတူသက်ရှိများ ပေါများသော်လည်း အင်မော်တယ်နယ်မြေတစ်ခုလုံးမှာတော့ လူသားများကသာ အများဆုံးပင်။
ဟုတ်သည်။ ယေဘုယျအားဖြင့် လူသားနှင့် လူတူသက်ရှိများဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြ၏။
မြို့တော်ရှိ လမ်းတစ်ခုပေါ်တွင် လူတူသက်ရှိများစွာက အပြာရောင် ၀တ်စုံနှင့် ခေါင်းစွပ်ပါ ဝတ်ရုံကြီးကိုခြုံထားသည့် အမျိုးသမီးတစ်ဦးအား စိုက်ကြည့်နေကြသည်။
သူက မျက်နှာကို ပိုးပဝါဖြင့် ကွယ်ထားသော်လည်း အချိုးအစားကျသော ခန္ဓာကိုယ်အလှက လူသား မိန်းမလှတစ်ဦးဖြစ်ကြောင်း ဖော်ပြနေ၏။
ရှေးဟောင်းတော်ဝင်မိသားစု၏ နယ်မြေအတွင်း၌ လူသားများသိပ်မနေသော်လည်း လုံးဝ မတွေ့ရသည်တော့ မဟုတ်ပေ။
အပြာရောင်ဝတ်မိန်းမပျိုက ဦးခေါင်းကို အနည်းငယ်မော့လိုက်သောအခါ ချစ်စဖွယ်မျက်နှာကို မြင်လိုက်ရ၏။ ၎င်းမူကား ကျွင်းမိသားစုမှ ထွက်လာရသော လန်ချင်းယာ့ပင် ဖြစ်တော့သည်။
လက်ရှိတွင် သူက လမ်းဆုံးတွင်ရှိသော စားသောက်ဆိုင်ကြီးတစ်ခုကို မော့ကြည့်နေသည်။
'ဒီနေရာဖြစ်လောက်တယ်... ဒီသခင်လေးကိုတွေ့တဲ့အခါ ကျွင်းရှောင်ယောက်က လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားကြောင်း ငါပြောပြရမယ်'
'ကျွင်းလင်းလုံနဲ့ ကျွင်ရှောင်ယောက်... ငါ့မှာတော့ နင်တို့ကိုလက်စားချေဖို့ ခွန်အားမရှိပါဘူး... ဒါပေမဲ့ တခြားတစ်ယောက်က လုပ်နိုင်တယ်'
လန်ချင်းယာ့၏ မျက်နှာပေါ်တွင် မုန်းတီးမှုများ ဖြစ်ပေါ်လာသည်။
ကျွင်းမိသားစုမှ နှင်ထုတ်ခံရပြီးကတည်းက သူ့ဘဝဟာ အလွန်ခက်ခဲခဲ့ရသည်။ ပေါ်ကျော့နေရသော ဘဝမှ လမ်းဘေးရောက်သွားသောအခါ ခက်ခဲကြမ်းတမ်းသော လောကဒဏ်ကို အလူးအလဲခံရ၏။
ထို့ကြောင့် လန်ချင်းယာ့ဟာ ကိုယ့်အမှားကို သတိမမူဘဲ တခြားသူများကိုသာ မုန်းတီးနေတော့သည်။
ခမ်းနားထည်ဝါသော စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်တွင် လူတူသတ္တဝါတစ်စု စုဝေးနေကြသည်။
အချို့က ကျောတွင် အတောင်များရှိကာ အချို့က အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ အချို့ဆိုလျှင် ဝက်ဝံနှင့် ကျားများကဲ့သို့ ထွားကြိုင်းသန်မာခဲ့ပေသည်။
လက်ရှိတွင် ဤအုပ်စုက လမင်းကိုဝန်းရံနေသော ကြယ်များကဲ့သို့ လူတူတစ်ယောက်ကို ဝန်းရံနေကြသည်။
၎င်းက ရွှေရောင်ဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်ပေသည်။ သူ့နဖူးတွင်ကာ ခန့်ညားသော နဂါးဦးချိုနှစ်ချောင်း ပေါက်ရောက်နေ၏။
သူ့မျက်လုံးအစုံသည်ကား ကြယ်များကဲ့သို့ တောက်ပနေတော့သည်။
ရွှေရောင် နဂါးအကြေးခွံများကိုပင် သူ့အရေပြားအောက်တွင် ဝေဝါးဝါးမြင်နေရသည်။
ခန့်ညားထည်ဝါသော သူ့အသွင်ဟာ အခန်းတစ်ခုလုံးကို လုံးဝ လွှမ်းမိုးထားပေသည်။
၎င်းလူငယ်က ဘိုးဘေးနဂါးအသိုက်မှ မင်းသားတစ်ပါးဖြစ်သော လုံဟောက်ထျန်းပင် ဖြစ်၏။
သူ့အကိုမူကား ဘိုးဘေးနဂါးအသိုက်၏ ပထမမျိုးဆက်မှ ဧကရာဇ်နဂါးသွေးပိုင်ရှင် လုံအိုထျန်းသာ ဖြစ်တော့သည်။
-------------
အခန်း ( ၂၃ ) လုံဟောက်ထျန်း၏ အစီအစဉ်၊ ကျွင်းမိသားစုမှ ဖိတ်ကြားစာ
ဘိုးဘေးနဂါးအသိုက်ဟာ အလွန်နက်နဲသည့် နောက်ခံသမိုင်းကြောင်းရှိသော ရှေးဟောင်းတော်ဝင်မိသားစုတစ်ခုဖြစ်သည်။
ဘိုးဘေးနဂါးအသိုက်၏ ဘိုးဘေးနဂါးဟာ တချိန်က ဆန်းကျယ်ကောင်းကင်အင်မော်တယ်နယ်မြေရှိ လူသားဧကရာဇ်တချို့ထက်ပင် ဩဇာကြီးမားခဲ့ဖူးသည်။
တားမြစ်ပထမမျိုးဆက်ဟု လူသိများသော လုံအိုထျန်းဟာ ဘိုးဘေးနဂါးသိုက်မှ အတောက်ပဆုံးသော မင်းသားတစ်ပါးပင် ဖြစ်၏။
လုံဟောက်ထျန်းကတော့ သူ့အကိုလောက် မတော်ပေ။ သို့တိုင် အလွန်ကြောက်စရာကောင်းနေဆဲပင် ဖြစ်သည်။
မဟုတ်လျှင် အဘယ်သို့ မင်းသားတစ်ပါး ဖြစ်လာနိုင်မည်နည်း။
ဘိုးဘေးနဂါးသိုက်တွင် မင်းသားများက ကျွင်းမိသားစု၏ စီကွမ်များနှင့် ဆင်တူသည်။
"ဂုဏ်ယူပါတယ် မင်းသား... နဂါးအဆီအနှစ်တွေကို စားသုံးပြီးရင် ခင်ဗျားရဲ့ခွန်အားတွေလည်း ပိုတိုးလာခဲ့တော့မှာပါ"
"အမှန်ပဲဗျ... ဒီလိုနဂါးအဆီအနှစ်က သာမန်လူဆိုရင် ခန္ဓာကိုယ်တောင် ပေါက်ကွဲသွားစေနိုင်တာ... ဒါပေမဲ့ အရှင်မင်းသားကတော့ ဘာမှမဖြစ်ဘဲ ဖိနှိပ်ထားနိုင်တယ်... တကယ့်ကို အံ့ဩစရာပါပဲ"
ပတ်ဝန်းကျင်ရှိ လူတူသတ္တဝါများက လုံဟောက်ထျန်းကို မြှောက်ပင့်ပြောဆိုလိုက်ကြသည်။
"ဒါက နဂါးအဆီအနှစ်တစ်ပိုင်းပါပဲလေ... စာမဖွဲ့လောက်ပါဘူး..။ မင်းတို့က ဒါကို တော်တော်ဟုတ်နေပြီလို့ ထင်နိုင်ကြပေမဲ့ ငါ့အကိုဆိုရင် သုံးပိုင်းတောင် ဝါးမြိုနိုင်ခဲ့တာ"
လုံဟောက်ထျန်းက ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်သည်။
"ဘယ်လို... နဂါးအဆီအနှစ်သုံးပိုင်းလား"
အားလုံး အံ့ဩသွား၏။
နဂါးအဆီအနှစ်ဟာ သေလွန်ပြီးသော တန်ခိုးထက်သည့် နဂါးမျိုးနွယ်သားများ၏ အသွေး၊ အသားများပင် ဖြစ်သည်။
၎င်းတွင် နဂါးအဆီအနှစ်သာမကဘဲ ပါရမီ၊ အက္ခရာနှင့် တံဆိပ်တော်များလည်း ပါတတ်၏။
သို့သော် နဂါးအဆီအနှစ်ကို လူတိုင်း မစုပ်ယူနိုင်ပေ။
ဘိုးဘေးနဂါးသိုက်မှ ပါရမီရှင်တချို့ပင် နဂါးအဆီအနှစ်ပိုင်းကုန်အောင် မစုပ်ယူနိုင်ကြပါချေ။
ထို့ကြောင့် လုံဟောက်ထျန်း တစ်ပိုင်းကုန်အောင် ဖိနှိပ်နိုင်သည်မှာ အံ့ဩစရာပင်။ သို့ရာတွင် လုံအိုထျန်းက သူ့ထက်ပိုထူးကဲကာ သုံးပိုင်းအထိ စုပ်ယူနိုင်ခဲ့၏။
တခြားသတ္တဝါများ၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာများကိုမြင်ပြီးနောက် လုံဟောက်ထျန်း ကျေနပ်စွာပြုံးပြီး ပြောလိုက်သည်။
"ဒါတင်မဟုတ်သေးဘူးနော်... ငါ့အကို ငါ့ကိုပြောတာတော့ သူ့ရဲ့အဓိကရည်ရွယ်ချက်က နဂါးအဆီအနှစ်ခုနစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့ပဲ... သူက နဂါးဧကရာဇ်သွေးနဲ့ပေါင်းစည်းပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့ ရည်မှန်းထားတာ"
လုံဟောက်ထျန်းဟာ လုံအိုထျန်းကို တခါမျှ မနာလိုမဖြစ်ဘူးပေ။ ထိုအစား သူဟာ အလွန်လေးစား၏။
"ဒါဆိုရင် ကြိုပြီးတော့ ဂုဏ်ပြုစကားပြောထားပါရစေ... ဒါပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဆယ်နှစ်ပြည့်မွေးနေ့ကလည်း နီးကပ်လာပြီလို့ ကြားတယ်"
ဦးခေါင်းတွင် နွားချိုနှင့် ထွားကျိုင်းသည့်လူငယ်တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
သူက ရှေးဟောင်းအင်ပါယာမိသားစု၏ နတ်ဆိုးနွားတောင်မှ လူငယ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ရှေးဟောင်းအင်ပါယာမိသားစုက ရှေးဟောင်းဟောင်းတော်ဝင်မိသားစုလောက် မသန်မာသော်လည်း ဒေသတစ်ခုကိုတော့ အုပ်ချုပ်ထားနိုင်ကြသေး၏။
ကျွင်းရှောင်ယောက်က သူ့စွမ်းရည်ကို အပြင်တွင် တခါမျှ ထုတ်မပြဖူးသော်လည်း သူ့အကြောင်းကြားရသောအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လွန်ခဲ့သော ဆယ်နှစ်က သူတော်စင်တစ်သောင်း အရိုအသေပေးခြင်းဟာ ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို အတော်ပင် တုန်လှုပ်သွားစေခဲ့၏။
ထိုအချိန်မှစ၍ ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်လကဲ့သို့ဖြစ်လာပြီး မည်သူမျှ လျှော့မတွက်ဝံ့တော့ပေ။
နောက်ဆုံးတွင် သူက အဖြူရောင်နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ သားရတနာတစ်ပါးလည်း ဖြစ်နေခဲ့သည် မဟုတ်ပါလား။
"ဟမ့်... နတ်ဘုရားသားတော်က အပြင်တောင် မထွက်ဖူးသေးဘဲ သူ့မှာ တကယ်စွမ်းရည် ရှိမရှိ ဘယ်သူသိမှာလဲ..။ သူတော်စင်တစ်သောင်း အရိုအသေပေးတာက ထူးခြားပေမဲ့ ငါ့အကိုမွေးလာတုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတာပဲလေ..။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ပိုပြီးထူးခြားနေတာ မဟုတ်ဘူး"
"နောက်ပြီး ငါ့အကိုမရှိရင်တောင် ငါ့ခွန်အားနဲ့ ဒူးထောင်စေနိုင်တယ်"
လုံဟောက်ထျန်းက အထင်မြင်သေးဟန်ဖြင့် ပြောလိုက်သည်။
ကျွင်းမိသားစုနှင့် ဘိုးဘေးနဂါးသိုက်က ကမ္ဘာမကြေ ရန်သူတော်များပင်။
အကြောင်းမှာ အဖြူရောင်နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့က သူတော်စင်အဆင့်နှင့် ဘိုးဘေးနဂါးသိုက်မှ အဓိပဓိတစ်ပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ပစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုအဖြစ်ဟာ ဘိုးဘေးနဂါးသိုက်၏သမိုင်းတွင် အရှက်ရစရာကိစ္စတစ်ခုပင်။
အဓိပဓိတစ်ပိုင်းအဆင့် ကျင့်ကြံသူအတွက် သူတော်စင်တစ်ပါး၏ သတ်ဖြတ်မှုကိုခံရခြင်းဟာ လုံးဝ စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ကျွင်းမိသားစုနှင့် ဘိုးဘေးနဂါးအသိုက်ကြားမှ အခြေအနေများဟာ ပို၍တင်းမာလာခဲ့တော့သည်။
နှင်းဖြူတောင်ပံများနှင့် ဟာပီမျိုးနွယ်ဝင် မိန်းကလေးတစ်ယောက်က ခပ်တိုးတိုးရယ်ရင်း ပြောလိုက်သည်။
"ခစ်.. ဒါကတော့ အမှန်ပဲ..။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အရှင့်သားကိုယှဉ်နိုင်မယ်လို့ မထင်ဘူး"
ထိုအခါ ရှေးဟောင်းအင်ပါယာမိသားစုမှ သတ္တဝါတစ်ကောင်ဟာ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"အင်း... နတ်ဘုရားသားတော်ရဲ့ ခန္ဓာကိုယ်က ဘာဆိုတာ ကျုပ်တို့မသိသေးဘူး"
ထိုစဉ် အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။
"ကျွင်းမိသားစုက နတ်ဘုရားသားတော်ရဲ့ ဖင်းဂေါ့ခန္ဓာကိုယ်ကို ကျွန်သိတယ်"
"ဘယ်သူလဲ"
အားလုံးလို အသံကြားရာကို လှည့်ကြည့်လိုက်ကြသည်။
ထိုစဉ် အပြာရောင်ဝတ် မိန်းမပျိုတစ်ဦးဟာ လှေကားမှတစ်ဆင့် တက်လှမ်းလာ၏။ ၎င်းမူကား လန်ချင်းယာ့ပင် ဖြစ်တော့သည်။
"ဟမ်... လူသားတစ်ယောက်က ဒီကို ဘာလာလုပ်တာလဲ"
နတ်ဆိုးနွားတောင်မှလူငယ်လေး မျက်မှာင်ကြုတ်သွား၏။
ရှေးဟောင်းအင်ပါယာမိသားစုများက အလကားနေ လူသတ်မနေသော်လည်း ယင်းက လုံးဝမသတ်ဘူးဟု မဆိုလိုပေ။
"ခဏနေအုံး"
လုံဟောက်ထျန်း လက်ထောင်ပြလိုက်၏။ ထိုအခါမှ ပတ်ဝန်းကျင်မှ သတ္တဝါများလည်း ငြိမ်ကျသွားတော့သည်။
လုံဟောက်ထျန်းက လန်ချင်းယာ့ကိုအကဲခတ်ပြီး ပြောလိုက်သည်။
"မင်းက နတ်ဘုရားသားတော်ရဲ့ ဖင်းဂေါ့ခန္ဓကိုသိတယ်လို့ ပြောလိုက်တာလား"
"အမှန်ပဲ... ကျွန်မက ကျွင်းမိသားစုက စီကွမ်တစ်ယောက်ရဲ့ နောက်လိုက်ဖြစ်ဖူးလို့ ဒါကိုသိထားတာ"
လန်ချင်းယာ့ ပြောလိုက်သည်။
"ဘယ်လို"
သူ့စကားဟာ အခန်းထဲမှလူတိုင်းကို အံ့ဩသွားစေခဲ့၏။
ကျွင်းမိသားစုရဲ့ နောက်လိုက်တစ်ယောက်ဟာ ရှေးဟောင်းမိသားစုတွေဆီကို ဘာလာလုပ်တာလဲ။
ထိုအခါ လန်ချင်းယာ့က ကျွင်းရှောင်ယောက်နှင့် မကျေလည်မှုများကို အတိုချုံ့၍ ပြောပြလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် မင်းပြော... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်မှာ ဘယ်လိုခန္ဓာမျိုးရှိတာလဲ"
လုံဟောက်ထျန်း မေးလိုက်သည်။
"ရှေးဟောင်းမြင့်မြတ်ခန္ဓာပါ"
လန်ချင်းယာ့ ပြောလိုက်၏။
သူပြောပြီးသည်နှင့် တခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။
အားလုံးက ခဏကြာ အံ့ဩသွားပြီးနောက်မှာတော့ ရုတ်တရက် ရယ်မောလိုက်ကြ၏။
"ဟားဟား၊ ရယ်စရာပဲဟေ့... မင်းတကယ်ကြီးလာပြောနေတာလား"
"ရှေးဟောင်းမြင့်မြတ်ခန္ဓာ... ဟားဟားဟား... ရှေးဟောင်းမြင့်မြတ်ခန္ဓာက အခုဆိုရင် အမှိုက်ဖြစ်နေပြီကွ"
လုံဟောက်ထျန်း ရယ်မောလိုက်သည်။ ထို့နောက် လန်ချင်းယာ့ကို အေးစက်စက်နှင့် စိုက်ကြည့်လိုက်၏။
"ငါ့ကိုလိမ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ မင်းသိလား"
အသုံးမဝင်တော့သည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ကို ကျွင်းမိသားစုက အဘယ်ကြောင့် တန်ဖိုးထားကြမည်နည်း။
“ကျွန်မ အမှန်အတိုင်းပြောတာပါ... ကျွင်းရှောင်ယောက်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ရှိတာ အမှန်ပဲ... ဒါပေမဲ့ သူက အချုပ်အနှောင်ကို ချိုးဖြတ်ခဲ့ပြီးပြီ"
လန်ချင်းယာ့က လျှို့ဝှက်ချက်ကြီးကို ပြောလိုက်သည်။
"ဘာ... အချုပ်အနှောင်ကို ချိုးဖြတ်ခဲ့တာလား"
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူ့မှာ ဒီလိုစွမ်းရည်မျိုး ဘယ်လိုရှိနိုင်မှာလဲ”
လန်ချင်းယာ့စကားကိုကြားသောအခါ သတ္တဝါအားလုံး၏ အပြုံးများ အေးခဲကုန်သည်။ သူတို့ မျက်နှာများကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
အချုပ်အနှောင်ကို ချိုးဖြတ်နိုင်သော ရှေးဟောင်းမြင့်မြတ်ခန္ဓာဆိုလျှင်ဖြင့် ကြောက်စရာကောင်းသွားခဲ့ချေပြီ။
လုံဟောက်ထျန်းက မျက်နှာအမူအရာ သိပ်မပြောင်းဘဲ ပြောလိုက်သည်။
"ကျွင်းမိသားစုက ချမ်းသာတော့ သူတို့ရဲ့ အရင်းပမြစ်တွေကို ပုံပေးလိုက်နိုင်တယ်... ဒါပေမဲ့ ဒါဆိုရင်တောင် မဖြစ်နိုင်သေးဘူး"
"ကျွင်းရှောင်ယောက်အနေနဲ့ အလွန်ဆုံးမှ အချုပ်အနှောင်သုံးခုကိုပဲ ချိုးဖြတ်နိုင်လိမ့်မယ်"
လုံဟောက်ထျန်း လှောင်ပြောင် ပြောဆိုလိုက်သည်။
အချုပ်အနှောင်များသာ ချိုးဖြတ်ရလွယ်ကူပါက ရှေးဟောင်းမြင့်မြတ်ခန္ဓာများကို အမှိုက်ဟုခေါ်မည်မဟုတ်ပေ။
"ဖြစ်နိုင်ပါတယ်"
လန်ချင်းယာ့ ခေါင်းညိတ်လိုက်၏။
သူမသည်လည်း ကျွင်းရှောင်ယောက်က အတားအဆီးတစ်ခုလောက်သာ ချိုးဖြတ်သည်ဟု ထင်ထားခဲ့ပေသည်။
ကျွင်းရှောင်ယောက်က မွေးဖွားသည်နှင့် အတားအဆီးဆယ်ခုစလုံးကို ချိုးဖြတ်မည်ဟု မထင်ပေ။
"ကောင်းပြီလေ... ဒါဆိုရင်လည်း စိတ်ဝင်စားစရာကောင်းပါသေးတယ်..။ ကျွင်းမိသားစုရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ကို ငါသွားရအုံးတော့မှာပဲ"
လုံဟောက်ထျန်း ရယ်မောလိုက်သည်။
ကျွင်းမိသားစုမှ နတ်ဘုရားသားတော်၏ မွေးနေ့ပွဲကိုသွား၍ ကျွင်းရှောင်ယောက်မျက်နှာကို နင်းချေလိုက်ရပါလျှင်...
ဤမြင်ကွင်းမျိုးက တွေးကြည့်ရုံနှင့် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
ယင်းကိုတွေးကြည့်ပြီးသောအခါ လုံဟောက်ထျန်း အလွန်စိတ်လှုပ်ရှားသွားတော့သည်။
"ဟားဟားဟား... အရှင့်သားထွက်လာတာနဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်တော့ သူ့ရဲ့ဆယ်နှစ်ပြည့်မွေးနေ့မှာ မျက်နှာမရဘဲ ခြေထောက်ရတော့မယ်"
"ဒီကျွင်းမိသားစုက ဒါနဲ့ပဲ ထိုက်တန်တာ"
ချက်ချင်းပင် အခန်းထဲတွင် ရယ်သံများ ပြည့်လျှမ်းသွား၏။
'ကျွင်းရှောင်ယောက်... ဒါက နင်ငါ့ကို အတင်းဖိအားပေးခဲ့တာ... ဒါကြောင့် အချိန်ကျလာရင် ငါ့ကိုအပြစ်မတင်နဲ့'
လန်ချင်းယာ့လည်း မုန်းတီးစွာဖြင့် တွေးနေတော့သည်။
ထိုအခါ ကျွင်းရှောင်ယောက်၏ အရှက်ကွဲပုံကို သူကိုယ်တိုင် လိုက်ကြည့်ရပေလိမ့်မည်။
လန်ချင်းယာ့က လျှို့ဝှက်ချက်များ ပြောဆိုပြီးချိန်တွင် ဆန်းကျယ်ကောင်းကင်နယ်မြေကြီး၏ နေရာအနှံ့သို့ ဖိတ်စာများချိတ်ဆွဲထားသည့် ရွှေရောင်ဓားပျံများ ပျံသန်းလာသည်။
"ဒါက... ကျွင်းမိသားစုက ဖိတ်စာတွေပဲ"
"နောက်ဆုံးတော့ ကျွင်းမိသားစုရဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ နတ်ဘုရားသားတော်က ကိုယ်ထင်ပြလာတော့မှာလား"
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသော ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေကြီးဟာ နောက်တစ်ဖန် လှုပ်ရှားလာပြန်တော့သည်။
(TN/ Harpy(ဟာပီ) ဆိုတာက ဂရိနဲ့ရောမဒဏ္ဍာရီထဲက မိန်းမခေါင်းနဲ့ခန္ဓာကိုယ်ရှိပြီး ငှက်အတောင်၊ ငှက်ခြေထောက်တွေပါတဲ့ သတ္တဝါတစ်မျိုးပါ။)
-------------
အခန်း ( ၂၄ ) မွေးနေ့ပွဲသွားမည့် ကျန်းမိသားစုမှ မိန်းမလှလေးနှစ်ယောက်၊ ရှေးဟောင်းရဲ့မိသားစုမှ ပါရမီရှင် ရဲ့ရှင်းယွင်
ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေတွင် ကျွင်းမိသားစုက အသန်မာဆုံးများထဲမှ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့လှုပ်ရှားမှုတစ်ခုစီတိုင်းဟာ နယ်မြေကြီးတစ်ခုလုံးကို တုန်ခါစေ၏။
အထူးသဖြင့် ယင်းက အဖြူရောင်ဝတ် နတ်ဘုရားဘုရင်၏ သားတော် မွေးနေ့ပွဲဖြစ်၍ ပိုထူးခြားနေပေတော့သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲဟာ သာမန်ညောင်ညမဟုတ်တော့ပါချေ။
..........
ချင်စီရင်စုဟာ ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေရှိ တာအိုစီရင်စုသုံးထောင်အနက်မှ တစ်ခုဖြစ်သည်။
၎င်းစီရင်စုတွင် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုကြီးဖြစ်သော ကျန်းမိသားစု တည်ရှိ၏။
၎င်းက ကျွင်းရှောင်ယောက်၏မိခင် ကျန်းရော့၏ မိသားစုပင် ဖြစ်သည်။
တချိန်က သူဟာ ကျန်းမိသားစု၏ နတ်ဘုရားမလေး ဖြစ်ခဲ့ဖူးပြီး အလွန်အဆင့်အတန်းမြင့်မားခဲ့ပေသည်။
ကျန်းမိသားစု၏ နန်းတော်အတွင်းပိုင်းရှိ သာယာလှပသော နေရာတစ်ခုတွင် နှင်းဖြူဝတ်စုံဝတ် မိန်းမပျိုလေးတစ်ဦး ရပ်နေသည်။ ၎င်းကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်ကို စောင့်နေပုံရ၏။
အနှီမိန်းမပျိုက ဖြူစင်ဝင်းပသော အသားရေနှင့် သွယ်လျသောကိုယ်ဟန်ရှိသည်။ ရှည်လျားနက်မှောင်သော ဆံကေသာများကိုမူ နောက်ကျောဘက်တွင် ဖြန့်ချထား၏။
သူဟာ ကော့ညွတ်သောမျက်ခုံး၊ တောက်ပသောမျက်လုံး၊ ချယ်ရီသီးကဲ့သို့နှုတ်ခမ်းအစုံနှင့် ဖြူစင်သောသွားကလေးများကို ပိုင်ဆိုင်ထားကာ အလွန်လှပသော မျက်နှာပိုင်ရှင်လေး ဖြစ်သည်။
သူ့အသွင်ဟာ နတ်ပြည်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
"ငါ့တူလေးတောင် ဆယ်နှစ်ပြည့်မွေူနေ့ပွဲကို ကျင်းပတော့မှာပဲ... ဒါပေမဲ့ ငါသူ့ကို တစ်ခါမှ မမြင်ဖူးသေးဘူး"
မိန်းမပျိုက ခပ်တိုးတိုးရေရွတ်ရင်း ရုတ်တရက် ပြုံးလိုက်သည်။
သူမက ကျန်းစန်းယီဖြစ်ကာ ကျန်းရို့၏ ဝမ်းကွဲညီမပင် ဖြစ်သည်။ သူဟာ ကျွင်းရှောင်ယောက်နှင့် တိုက်ရိုက်မတော်စပ်သော်လည်း ဒေါ်လေးတစ်ယောက်ပင် ဖြစ်၏။
ကျန်းမိသားစုရှိ ကျန်းရို့မျိုး၏ မျိုးဆက်တွင် ကျန်းစန်းယီက အငယ်ဆုံးလေးပင်။ သူက နှစ်ဆယ့်လေးနှစ်သာရှိသေး၍ လှပသည်။
ထိုအချိန်တွင် အဝေးမှ ဆည်းလည်းသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာ၏။
"အမစန်းယီ ကျွန်မကို ဘာဖြစ်လို့ခေါ်လိုက်တာလဲ"
ထို့နောက် ဆယ့်နှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်က ကျန်းစန်းယီထံ လျှောက်လှမ်းလာသည်။
သူက ပေါ့ပါးသွက်လက်ပုံရကာ ကျစ်ဆံမြီးနှစ်ခွကျစ်ထားသော ဆံပင်လေးကလည်း လမ်းတစ်ချက်လျှောက်လိုက်တိုင်း ကခုန်လှုပ်ရှားနေ၏။
ရှည်လျားသော မျက်တောင်ကော့ကြီးများအောက်တွင် သူ့မျက်လုံးက အရောင်တလက်လက် တောက်ပနေသည်။ သူ့နှာတံဟာ သေးသွယ် ဖြောင့်စင်း၍ သူ့နှုတ်ခမ်းကလည်း အရည်ရွှမ်းသော ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေသည်။
အထူးသဖြင့် ပြုံးလိုက်တိုင်း ပေါ်လာတတ်သော သွားထပ်လေးနှစ်ချောင်းနှင့် ပါးချိုင့်လေးများကြောင့် အလွန် ချစ်စရာကောင်း၏။
သေးသေးသွယ်သွယ်နှင့် သူ့ဟန်ပန်ဟာ နတ်သူငယ်မလေးကဲ့သို့ပင် ဖြစ်တော့သည်။
"လော့လီ... နင့်မှာ မိုးနဲ့မြေကတာအိုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဒိုင်မက်ရှင်းဝိညာဉ်တာအိုခန္ဓာရှိပါလျက်နဲ့ ဘာလို့ ကောင်းကောင်း မလေ့ကျင့်ချင်ရတာလဲ"
ကျန်းစန်းယီက ကျန်းလော့လီနှာဖူးကို လက်ညိုးနှင့် ခပ်ဖွဖွတောက်၍ ပြောလိုက်သည်။
ကျန်းလော့လီက နှာဖူးကိုပွတ်ကာ မျက်လုံးမှိတ်ပြပြီး ရယ်မော၍ ပြောလိုက်သည်။
"ဟိဟိ... အမစန်းယီကလည်း ကျန်းမိသားစုရဲ့ နတ်သမီးလေးပဲ မဟုတ်လား... နောက်ပြီး အမမှာလည်း သန္တောစွမ်းအင်တာအိုခန္ဓာရှိတာပဲလေ..။ အမရှိနေမှတော့ ကျွန်မက ဘာဖြစ်လို့ လေ့ကျင့်ရအုံးမှာလဲ"
ကျန်းလော့လီကား ကျန်းရို့နှင့် ကျွင်းကျန်းထျန်းတို့ ပြောနေကြသော ကျန်းမိသားစု၏ ပုလဲရတနာလေးပင်တည်း။
"နင် ကောင်မစုတ်လေး..။ အင်း... ထားပါလေ.. အခု အမနင့်ကို ပြောစရာရှိလို့ခေါ်လိုက်တာ..။ နောက်ရက်နည်းနည်းကြာရင် ကျွင်းမိသားစုက ဆယ်နှစ်ပြည့်မွေးနေ့ပွဲကို နင်နဲ့အမ သွားဖို့လိုတယ်"
ကျန်းစန်းယီ ပြောလိုက်သည်။
"အဲတာက ကျွင်းမိသားစုက နတ်ဘုရားသားတော်ရဲ့ ပွဲမဟုတ်လား"
ကျန်းလော့လီ ပြန်မေးလိုက်၏။
ကျန်းစန်းယီလည်း ရယ်မော၍ ပြောလိုက်လေသည်။
"မှန်တာပေါ့... နင့်ခင်ပွန်းလောင်းကို နောက်ဆုံးတော့ သွားတွေ့ရတော့မယ်လေ"
"ဘာခင်ပွန်းလောင်းလဲ... အမစန်းယီနော်... မဟုတ်တာတွေ လိုက်မပြောနဲ့"
ကျန်းလော့လီမျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ်နီရဲသွားကာ ခြေဆောင့်လိုက်၏။
သူ့အနေဖြင့် ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို တစ်ခါမျှပင် မတွေ့ဖူးသေးပေ။ ထို့ကြောင့် မိသားစုက သူတို့ကို အနာဂတ်တွင်လက်ထပ်ပေးရန် ဆုံးဖြတ်ထားကြခြင်းက နည်းနည်းတော့ အဆင်မပြေပေ။
"ငါ့တူလေးက အရမ်းထူးချွန်တာနော်... နင် အခုငြင်းလိုက်မယ်ဆိုရင် နောင်အခါ နောင်တရလိမ့်မယ်..။ အမက နင့်ကို ဒီလိုမဖြစ်စေချင်ဘူး"
ကျန်းစန်းယီက စနောက်လိုက်သည်။
"မဖြစ်ပါဘူးနော်... ကျွန်မကတော့ ဒီလို တစ်သမတ်တည်း လက်ထပ်ဖို့ ကြိုစီစဉ်ထားတာကို မကြိုက်ဘူး... အဲဒီလို ပေးစားတာကို ယူမဲ့အစား ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာ"
ကျန်းလော့လီက ရုပ်တည်လေးဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီကွယ်... ဒါပေမဲ့ ဝမ်းကွဲအမကျန်းရို့ ငါ့ကိုပြောတာကတော့ ငါ့တူလေးက အရမ်းချောတယ်တဲ့..။ သူက နတ်သားတစ်ပါးလို ချောမောတာပဲတဲ့" ကျန်းစန်းယီလည်း ပါးစပ်ကို လက်နှင့်ကွယ်ကာ ရယ်မော၍ ပြောလိုက်သည်။
"တကယ်ပဲလား"
ကျန်းလော့လီ မျက်လုံးလေးက အရောင်တောက်ပလာ၏။
ကျန်းစီယီလည်း တခစ်ခစ်ရယ်မော၍ ပြောလိုက်လိုက်တော့သည်။
"ငါနောက်နေတာ... ငါလည်း မသိသေးဘူး"
ကျန်းလော့လီက လက်တွဲဖော်ရွေးချယ်ရာတွင် ရုပ်ရည်ကို အလွန်ဂရုစိုက်ကြောင်း သူသိ၏။
တော်ရုံရုပ်ရည်မျိုးဖြင့် ကျန်းလော့လီ၏ အထင်ကြီးမှုကို ရရန်မလွယ်ပေ။
ကျန်းလော့လီက သူမ၏ ရင်ဘက်ရှေ့တွင် လက်နှစ်ဖက်ယှက်ရင်း ပြောလိုက်သည်။
"ကျွန်မနှလုံးသားထဲက ကျွန်မယောင်္ကျားက အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးမှာ အချောဆုံးဖြစ်ရမယ်"
တချိန်တည်းမှာပင် ကျွင်းမိသားစုမှ ဆန်းကျယ်သော နတ်ဘုရားသားတော်ဟာ ဘယ်လိုပုံစံရှိမည်ကို ပုံဖော်ကြည့်နေမိ၏။
"စိတ်မပူပါနဲ့... မကြာခင် နင်သိရမှာပါ"
ကျန်းစန်းယီလည်း ကျန်းလော့လီ၏ဦးခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်တော့သည်။
….......
ကျွင်းမိသားစုဟာ ကျန်းမိသားစုသာမကဘဲ တခြားရှေးဟောင်းမင်းမျိုးနွယ်မိသားစုများ၊ မျိုးနွယ်များ၊ မင်းဆက်များ... စသည်တို့ကိုလည်း ဖိတ်ကြားခဲ့သည်။
တချို့ဒုတိယတန်းစား အင်အားစုများကိုပါ တရားဝင် ဖိတ်ခေါ်ခဲ့သော်လည်း အရေအတွက်ကတော့ နည်းပေသည်။
အဆင့်နိမ့်အင်အားစုများကတော့ ဖိတ်ခေါ်ရန်ပင် မထိုက်တန်၍ မဖိတ်ကြားခဲ့ပါချေ။
အဆင့်နိမ့်အင်အားစုများက ကိုယ့်သဘောနှင့်ကိုယ်လာရင်တော့ မတားပေ။ သို့ရာတွင် အဓိကခန်းမသို့ ဝင်ခွင့်မရဘဲ အပြင်မှသာ ကြည့်ခွင့်ရမည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့် အင်မော်တယ်နယ်မြေတစ်ခုလုံးကလည်း ပိုလှုပ်ရှားလာ၏။
နောက်ဆုံးမှာတော့ ကျွင်းမိသားစုမှ နတ်ဘုရားသားတော်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲအခါသမယကို ကျရောက်လာတော့သည်။
ထိုနေ့တွင် အင်မော်တယ်နယ်မြေရှိ အင်အားစုတိုင်း အလုပ်များရသည်။
မရေတွက်နိုင်သော အင်အားစုများက ရှေးဟောင်း စစ်သင်္ဘောကြီးများ၊ လှေပျံများ၊ အစရှိသဖြင့် ကိုယ်ပိုင်နည်းလမ်းမျိုးစုံသုံးကာ ကောင်းကင်ယံမှ ပျံသန်းသွားကြ၏။
၎င်းတို့အားလုံး၏ ဦးတည်ရာက ဧကရာဇ်စီရင်စုမှ ကျွင်းမိသားစု တစ်ခုတည်းသို့သာ ဖြစ်တော့သည်။
မဟာရှန်မင်းဆက်ဟာ ရှည်လျားသော သမိုင်းကြောင်းရှိသည့် လူသားတို့၏ ရှေးဟောင်းမင်းဆက်တစ်ခုဖြစ်သည်။
၎င်းတို့ထံမှ ခမ်းနားထည်ဝါသော သင်္ဘောကြီးကလည်း ဧကရာဇ်စီရင်စုသို့ပင် ပျံသန်းသွား၏။
"ဝိုး... အဲတာ မဟာရှန်မင်းဆက်က မင်းသမီးရဲ့ သင်္ဘောပျံမဟုတ်လား..။ သူတောင်မှ ကျွင်းမိသားစုရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ပွဲကိုသွားတယ်"
"ဒါပေါ့ဗျာ... ကျွင်းမိသားစုက နတ်ဘုရားသားတော်ရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ဆိုတာ သူတို့နဲ့ရင်းနှီးဖို့ အခွင့်အရေးတစ်ခုပဲကို... ဘယ်သူက လက်လွတ်ခံမှာလဲ"
"ဒါက အဓိကပဲလေဗျာ"
ဤလောကတွင် ယေဘူယျအားဖြင့် လူတစ်ယောက်က အသက်ဆယ်နှစ် ပြည့်သည်နှင့် တာအိုလက်တွဲဖော်ကို စတင်ရှာဖွေနိုင်သည်။
အားလုံးက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို မမြင်ဖူးကြသော်လည်း သူ့အဆင့်အတန်းသက်သက်ကပင် မိန်းကလေးအများစုကို ဆွဲဆောင်နိုင်သည်။ ထို့ကြောင့် မင်းသမီးများ သွားကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။
အကယ်၍ ကျွင်းမိသားစုမှ နတ်ဘုရားသားတော်နှင့် လက်ထပ်နိုင်လျှင် ယင်းက မိသားစုတစ်ခုလုံးကို မိုးသို့ပျံသွားစေနိုင်ပေလိမ့်မည်။
ထို့ကြောင့် အင်အားစုမျိုးစုံမှ မိန်းအလှလေးများက ဤပွဲကို အခွင့်အရေးယူကာ သွားရောက်ကြရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
တာ့ရန်မြင့်မြတ်နယ်မြေမှလည်း ကျွင်းမိသားစုကို ရထားလုံးများဖြင့် သွားရောက်ကြလေသည်။
"ကျွင်းမိသားစုက ဒီလိုပွဲကြီးမျိုးကို ကျင်းခဲ့ကြတာ နောက်ဆုံးအခေါက်က စီကွမ်နံပါတ်တစ်ရဲ့ ဆယ်နှစ်ပြည့်မွေးနေ့တုန်းကပဲ..။ ဒါပေမဲ့ ဒီတစ်ခါ နတ်ဘုရားသားတော်ရဲ့ မွေးနေ့ပွဲကတော့ အဲဒီအချိန်ကထက် ပိုပြီးကြီးကျယ်ခမ်းနားတယ်"
ရှေးဟောင်းရဲ့မိသားစုမှလည်း နတ်ငှက်များဆွဲသော ရထားလုံးဟာ ကောင်းကင်ယံသို့ ပျံသန်းသွား၏။
"အဲဒီကို လော့လီသွားမယ်လို့ကြားတယ်... ငါလည်းသွားမယ်"
ရထားလုံးထဲတွင် ချောမောသော အပြာရောင်ဝတ် လူငယ်လေးတစ်ယောက်ရှိနေသည်။ သူက တောပသောမျက်လုံးနှင့် ရယ်မောကာ ရေရွတ်လိုက်၏။
သူညွှန်းဆိုသောလော့လီကား ကျန်းမိသားစု၏ ပုလဲရတနာလေး ကျန်းလော့လီပင် ဖြစ်ချေသည်။
သူ့နံဘေးတွင် မုတ်ဆိတ်ဖြူအဘိုးကြီးတစ်ယောက်ထိုင်နေပြီး သူက အလေးအနက် ပြောလိုက်သည်။
"သခင်လေးရှင်းယွင်၊ သခင်ကြီးက ငါတို့ကို မွေးနေ့ပွဲသက်သက်ပဲ သွားတက်ခိုင်းတာနော်..။ အဲတာကြောင့် ငါတို့ ပြဿနာရှာလို့မရဘူး"
ဤအဘိုးကြီးက သူတော်စင်တစ်ပိုင်းမှ တန်ခိုးရှင်ကြီးပင် ဖြစ်၏။
သူတော်စင်တစ်ပိုင်းတန်ခိုးရှင်ကို အစေခံအဖြစ် ထားနိုင်သောကြောင့် အနှီလူငယ်လေးကလည်း သာမန်တော့ မဟုတ်တန်ရာပေ။
လူငယ်က ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
"ဟားဟားဟား... ဦးလေးဖူ စိတ်ပူစရာမလိုပါဘူးဗျာ..။ ကျွန်တော်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ရန်သွားစမှာမှ မဟုတ်တာ... လော့လီကိုပဲ သွားတွေ့မှာ"
ဤလူငယ်က ရှေးဟောင်းမျိုးနွယ် ရဲ့မိသားစုမှ ပထမအဆင့်ပါရမီရှင် ရဲ့ရှင်းယွင်ပင် ဖြစ်သည်။
၎င်းက တာအိုခန္ဓာသုံးထောင်အနက် တစ်ခုဖြစ်သော ကြယ်တာရာဘုရင်ခန္ဓာကို ပိုင်ဆိုင်ထား၏။ ဤခန္ဓာဖြင့် သူဟာ ကောင်းကင်ယံမှ ကြယ်တာရာများ၏စွမ်းအားကို ဆွဲယူအသုံးချနိုင်စွမ်း ရှိသည်။
ရဲ့ရှင်းယွင်ဟာ လျှို့ဝှက်နယ်မြေတစ်ခုတွင် လေ့ကျင့်စဉ် ကျန်းလော့လီနှင့် ဆုံခဲ့၏။
ထိုအချိန်မှစ၍ ချစ်စရာ အနှီမိန်းမပျိုလေးကို မေ့ဖျောက်၍ မရတော့ပေ။
ကံမကောင်းချင်တော့ ထိုအချိန်မှစ၍ သူဟာ သူမနှင့် နောက်ထပ်ဆုံခွင့် မရတော့ပါချေ။
ယခုတော့ ကျွင်းမိသားစုမှ မွေးနေ့ပွဲဟာ သူမနှင့်ဆုံခွင့်ရဖို့ အကြောင်းဖန်လာခဲ့ချေပြီ။
ပြောပြီးသည်နှင့် ရဲ့ရှင်းယွင်မျက်လုံးတွင် ခိုင်မာသော ယုံကြည်ချက်၊ ဆုံးဖြတ်ချက်များနှင့် အရောင်တောက်ပလာတော့သည်။
"လော့လီ... မင်းက ငါ့အတွက်ပဲ ဖြစ်ရမယ်"
-------------
အခန်း ( ၂၅ ) အဖျက်အမှောင့်လုပ်ချင်တာလား၊ သတ္တမစီကွမ် ကျွင်းရွယ်ဟွမ်
ဧကရာဇ်စီရင်စုတွင် သန်းချီသော ငှက်နှင့် သားရဲက များက ရထားလုံးပုံစံမျိုးစုံကိုဆွဲကာ ကျွင်းမိသားစုဖွင့်ထားသော ဂိတ်ဝမှ ဝင်ရောက်လာကြသည်။
ကြီးမားသည့်သင်္ဘောကြီးများကလည်း ကောင်းကင်ယံမှ ပျံသန်းလာကြ၏။
လက်ရှိတွင် ကျွင်းမိသားစုက နယ်ပယ်အသီးသီးမှ ဧည့်သည်များကိုကြိုဆိုရန် ဂိတ်ဝကို ဖွင့်လှစ်ထားလေသည်။
ထိုအတွက် ဤနေရာတွင် တစ်ယောက်ယောက်က ပြဿနာလာရှာမည်ကိုတော့ မစိုးရိမ်ရပေ။
ဤနေရာ၌ သူတော်စင်များပင် ကြောက်ဒူးတုန်စေနိုင်သော အရှ်ိန်အဝါမျိုး ထွက်ပေါ်နေပေရာ မည်သူမျှ ပြဿနာရှာဝံ့ကြမည် မဟုတ်ပါချေ။
"အကြွင်းမဲ့ကောင်းကင် တာအိုဂိုဏ်းက နတ်ဘုရားသားတော်အတွက် လက်ဆောင်ပါ... တာအိုကျမ်းကိုးတွဲ"
"ဒါက အကြွင်းမဲ့ကောင်းကင်တာအိုဂိုဏ်းပဲ... တာအိုဂိုဏ်းက တကယ်ကျော်ကြားတယ်"
ပရိသတ်က ပြောဆိုလိုက်ကြသည်။
"တာ့ရန်မြင့်မြတ်နယ်မြေ ရောက်လာပါပြီ... နတ်ဘုရားတော်ကို အဆီအနှစ်စုစည်းခြင်းဆေးတစ်ပုလင်းနဲ့ နတ်ဘုကားအဆင့် မူလကျောက်တစ်ရာကို လက်ဆောင်ပေးပါတယ်"
"ဝိုး... တာ့ရန်မြင့်မြတ်နယ်မြေက အဆီအနှစ်စုစည်းခြင်းစိုက်ဆေးတစ်ပုလင်းတောင် ပေးလိုက်တာပဲ... ဒါက နတ်နန်းတော်နယ်ပယ်မှာ အစစ်အမှန်ဝိညာဉ်ကို အဟာရဖြည့်ပေးနိုင်လို့ တကယ်အဖိုးတန်တယ်"
အားလုံး ကျွင်းရှောင်ယောက်ကို မနာလိုသွား၏။
ဤလက်ဆောင်တစ်ခုစီက တန်ဖိုးကြီး၍ ရရန်ခက်ခဲသော်လည်း နတ်ဘုရားသားတော်ကိုတော့ လက်ဆောင်အဖြစ် အလွယ်တကူ ပေးနေသည်။ ယင်းက တခြားသူများကို မနာလိုစိတ် ဖြစ်သွားစေနိုင်ပေသည်။
"မဟာရှန့်မင်းဆက် ရောက်လာပါပြီ... နတ်ဘုရားသားတော်ကို မဟာတောင်တန်းနဲ့မြစ်ပြင်ပန်းချီကားကို လက်ဆောင်ပေးပါတယ်"
ထိုစဉ် ချိုလွင်သောအသံနှင့် မိန်းမပျိုလေးတစ်ဦး တောက်ပစွာပြုံး၍ ဆင်းသက်လာသည်။ သူ့လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ထား၏။
"ဒါ မဟာရှန့်မင်းဆက်က မင်းသမီးပဲ... လှလိုက်တာ"
"အား... ကျုပ်တို့တွေ အဝေးကပဲ ငေးကြည့်နိုင်တဲ့ ဒီမိန်းမလှလေးက အခုတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆီကို ကိုယ့်ဘာသာရောက်လာပြီ"
အမျိုးသားထုလည်း သက်ပြင်းချလိုက်ကြ၏။
ထို့နောက် လက်ဆောင်များနှင့် အဖွဲ့အစည်းများ ဆက်တိုက်ရောက်ရှိလာခဲ့ကြလေသည်။
ထိပ်တန်းအင်အားစုများလည်း အားလုံးပင် ရောက်ရှိလာကြ၏။
ကျွင်းမိသားစု၏ ဖိတ်ခေါ်ခြင်းကိုခံရသော မည်သူမျှ မလာရောက်ဘဲ မနေဝံ့ပေ။
ထိပ်တန်းအင်အားစုများဟာ ကျွင်းမိသားစု၏ မွေးနေ့ပွဲအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်ခဲ့ကြသည်။
အခြားတစ်ဖက်တွင် ဒုတိယတန်းစားအင်အားစုများကတော့ လက်ဆောင်များပေးအပ်ကာ မွေးနေ့ပွဲခန်းမ အပြင်ဘက်ခန်းတွင်သာ နေကြရ၏။
ထိုအတွက် ၎င်းတို့က လက်မခံချင်သော်လည်း အရည်အချင်းမရှိမှန်း သိထားခဲ့ပေသည်။
"ရှေးဟောင်း မင်းမျိုးနွယ်မိသားစုဖြစ်တဲ့ ကျန်းမိသားစု ရောက်ရှိလာပါပြီ..။ ရှေးခေတ် အစောပိုင်းမှ နတ်လက်နက်တစ်ခု၊ အင်မော်တယ်ဆေးသုံးခု၊ နတ်ဘုရားအဆင့် ဆေးတစ်ရာ၊ အဓိပဓိအဆင့် နတ်အရင်းအမြစ်တစ်ထောင်ကို လက်ဆောင် ပေးအပ်ပါတယ်"
ကျွင်းမိသားစု၏ ဧည့်ကြိုထံမှ အော်သံ ထပ်မံထွက်ပေါ်လာသည်။
ထိုလက်ဆောင်ပမာဏကြောင့် အားလုံး လှုပ်ရှားသွားရ၏။
"ဒီလက်ဆောင်ကြီးက အံ့ဩစရာကောင်းလွန်းသွားပြီမဟုတ်လား"
"ခင်ဗျားကလည်း ကျန်းမိသားစုနဲ့ ကျွင်းမိသားစုက ရွှေလမ်းငွေလမ်းဖောက်ပြီးပြီဆိုတာ မေ့နေပြီလား..။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ မိခင်က ကျန်းမိသားစုကလေဗျာ... ဒီတော့ သူတို့မျိုးဆက်ကလေးတစ်ယောက်ကို လက်ဆောင်ပေးတာ ဘယ်အံ့ဩစရာ ရှိတော့မတုံး"
ကျန်းမိသားစုနှင့် ကျွင်းမိသားစုဟာ ကျွင်းဝူဟွေ့နှင့် ကျန်းရို့ကို အကြောင်းပြု၍ ရင်းနှီးနေခဲ့ပြီး ဖြစ်သည်။
ထိုစဉ် လှပသော ပုံရိပ်နှစ်ခု ဂိတ်တံခါးမှ ဝင်ရောက်လာသည်။
အနှီမိန်းမလှနှစ်ယောက်ကို မြင်သောအခါ အားလုံး အံ့ဩသွားရ၏။
အသက်ပိုကြီးသည့် မိန်းကဆလးက သွယ်လျသောကိုယ်ဟန်နှင့် နှင်းဖြူဝတ်စုံကိုဝတ်ကာ သိမ်မွေ့ဟန်ရသည်။
မိန်းမငယ်လေးကတော့ ဖျတ်လတ်တက်ကြွကာ သမင်ပျိုလေးသဖွယ် ရှိ၏။
၎င်းတို့နှစ်ယောက်က အသက်အရွယ်မတူသော်လည်း တစ်မူထူးသော အလှကိုယ်စီနှင့် လှပနေခဲ့ကြပေသည်။
"လှလိုက်တာကွာ... ဒီအကြီးလေးက ကျန်းမိသားစုရဲ့ နတ်မိန်းမပျို ကျန်းစန်းယီပဲ ဖြစ်မယ်..။ သူ့မှာ သန္တောစွမ်းအင်တာအိုသန္ဓေရှိတယ်လို့ ကြားဖူးတယ်"
"ဒါဆိုဒီအငယ်လေးက ကျန်းမိသားစုရဲ့ ပုလဲရတနာကျန်းလော့လီပေါ့... သူ့မှာလည်း ဒိုင်မက်ရှင်ဝိညာဉ် တာအိုခန္ဓာရှိတယ်မဟုတ်လား"
အမျိုးသားထုက ဤအကြောင်းကိုပိုသိကာ ပြောဆိုလိုက်ကြသည်။
ထိုစဉ် ဧည့်ကြိုထံမှအသံ ထပ်မံထွက်ပေါ်လာ၏။
"ရှေးဟောင်းကလန် ရဲ့မိသားစု ရောက်လာပါပြီ..။ နတ်ဘုရားသားတော်အတွက် ထိပ်တန်းအဆင့် မြင့်မြတ်ဆေးတစ်ဆယ်၊ နတ်အဆင့် မူလကျောက်တစ်ရာနဲ့ နိုဘယ်လက်နက်သုံးထုပါ"
ထိုအခါ လူအုပ်က ကြွက်စိကြွက်စိ ပြောဆိုကြပြန်သည်။
ရှေးဟောင်းရဲ့ကလန်က နာမည််ကြီးသော်လည်း သူတို့ပေးသော လက်ဆောင်များက ကျန်းမိသားစုကို မမှီပေ။
သို့သော်လည်း ကျွင်းမိသားစုနှင့် ရဲ့ကလန်ဟာ ဤမျှမရင်းနှီး၍ လက်ဆောင်နည်းပါးသည်က ပုံမှန်သာ ဖြစ်ချေသည်။
"ဟားဟားဟား... သခင်မလေးလော့လီ၊ ခဏစောင့်ပါအုံး"
အသံနှင့်အတူ ကျွင်းမိသားစုဂိတ်ဝမှ လူနှစ်ယောက်ဝင်လာသည်။ တစ်ယောက်က မုတ်ဆိတ်ဖြူအဘိုးကြီးဖြစ်၍ နောက်တစ်ယောက်ကတော့ အပြာရောင်ဝတ်လူငယ်လေး ရဲ့ရှင်းယွင်ပင်။
"ဒါက ရဲ့မိသားစုက ပါရမီရှင် ရဲ့ရှင်းယွင်ပဲ... သူ့မှာ ကြယ်တာရာတာအိုခန္ဓာရှိတယ်လို့ ပြောကြတယ်"
"ရှင်က ဘယ်သူလဲ"
ကျန်းလော့လီ စိတ်ရှုပ်ထွေးဟန်ဖြင့် ရဲ့ရှင်းယွင်ကို လှည့်ကြည့်လိုက်သည်။
သူ့စကားကြောင့် ရဲရှင်းယွင်အပြုံးကာ အေးခဲသွားကာ ရှက်ရှက်နှင့် ပြောလိုက်သည်။
"သခင်မလေးလော့လီ ကျုပ်ကို မမှတ်မိဘူးလား..။ ကျုပ်တို့တွေ လမင်းလျှို့ဝှက်နယ်မြေထဲမှာ တွေ့ခဲ့ကြသေးတယ်လေ..."
သို့ရာတွင် ကျန်းလော့လီမျက်နှာအမူအရာက မပြောင်းလဲဘဲ ပြောလိုက်သည်။
"အိုး... ရှင်က... အင်း... ရှင့်နာမည်က ဘာလဲ၊ ပြန်ပြောပါအုံး"
"ကျုပ်က ရှေးဟောင်းကလန် ရဲ့မိသားစုက ရဲ့ရှင်းယွင်ပါ"
ရဲ့ရှင်းယွင် အနည်းငယ်ရှက်သွားသည်။
တစ်ဖက်လူက အားလုံးအရှေ့တွင် သူ့နာမည်ကိုပင်မမှတ်မိပါဟု ပြောဆိုနေသည် မဟုတ်ပါလား။
"အိုး၊ ရှင်းပဲ... စိတ်မရှိပါနဲ့... ကျွန်မက ရုပ်မချောတဲ့သူတွေကို သိပ်မမှတ်မိတတ်ဘူး"
ကျွင်းလော့လီက နှုတ်ခမ်းစူကာ ပြောလိုက်သည်။
ထိုအခါ အားလုံး တိတ်ဆိတ်သွား၏။
ရဲ့ရှင်းယွင်လည်း ပို၍ ရှက်လာပေတော့သည်။
အမှန်အတိုင်းဆိုရလျှင် ရဲ့ရှင်းယွင်က ရုပ်ရည်မဆိုးပေ။ သိမ်မွေ့သော သူ့မျက်လုံးအကြည့်များနှင့် မိန်းကလေးများကို ဆွဲဆောင်နိုင်သူ ဖြစ်သည်။
သို့တိုင် ကျန်းလော့လီအမြင်၌ သာမန်ရုပ်ရည်ရှိသူ ဖြစ်လာခဲ့ရ၏။
သို့သော်လည်း ရဲ့ရှင်းယွင်က အပြု့းမပျက်ဘဲ လျှောက်သွားလိုက်လေသည်။
"သခင်မလေးလော့လီ... ကျုပ်တို့မတွေ့တာ ကြာပြီနော်... မွေးနေ့ပွဲစရင် ကျုပ် မင်းရဲ့အနားမှာ ထိုင်ခွင့်ရှိမလား"
ထိုစကားကိုကြားသောအခါ တချို့က သဘောပေါက်သွားသည်။
ရဲ့ရှင်းယွင်က မွေးနေ့ပွဲလာခြင်းမဟုတ်ဘဲ ကျန်းလော့လီကို လာရောက်ပိုးပန်းခြင်းသာ ဖြစ်၏။
ထိုအခါ နံဘေးမှ ကျန်းစန်းယီဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
နောက်ဆုံးတွင် ကျန်းရို့က ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီကို အမြဲရှိစေချင်ခဲ့သည် မဟုတ်ပါလော။
အနှီရဲ့ရှင်းယွင်က ဖျက်လိုဖျက်ဆီး လုပ်ချင်နေသလော။
ကျန်းစန်းယီလည်း ကျန်းလော့လီကို လက်ဆွဲကာ ပြောလိုက်၏။
"လော့လီ... ဒေါ်လေးကျန်းရို့ကို သွားရှာရအောင်"
"ဟုတ်"
ကျန်းလော့လီလည်း ခေါင်းညိတ်၍ ရဲ့ရှင်းယွင်ကို ထားရစ်ခဲ့လေတော့သည်။
အနောက်ဘက်တွင် ရဲ့ရှင်းယွင်က အသက်ပြင်းပြင်းရှူ၍ ပြုံးလိုက်လေသည်။
"ကိစ္စမရှိဘူး... ငါ့မှာ အခွင့်အရေးရှိအုံးမှာပါ"
ရဲ့ရှင်းယွင် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်လေသည်။
ကွင်းကြီး၏တစ်ဖက်တွင် ကျွင်းမိသားစုက ခမ်းနားထည်ဝါသော နန်းတော်ကြီး၏ အဓိကခန်းမ တံခါးကိုဖွင့်လိုက်သည်။
ဤခန်းမကို အဆင့်အတန်းမြင့်သော အထူးဧည့်သည်များသာ ဝင်ရောက်နိုင်၏။
ထိပ်တန်းအင်အားစုများက တခြားနတ်ဘုရားကျွန်းတွင်သာ နေကြရပေသည်။
ကျန်းမိသားစု၊ ရဲ့မိသားစု၊ တခြားရှေးဟောင်းမိသားစုများနှင့် အဓိကအင်အားစုများသာ နန်းတော်အတွင်းသို့ ဖိတ်ကြားခံခဲ့ရသည်။
ဤတွင် နှစ်ချို့ ရှားပါးအရက်၊ အစားသောက်များနှင့်ဧည့်ခံပေ၏။ တစ်ခုချင်းစီက အလွန်ရှားကာ တန်ဖိုးကြီးမားခဲ့ပေသည်။
"ကျွင်းမိသားစုရဲ့ အဓိကပုဂ္ဂိုလ်တွေ ဘယ်မတုံး... နတ်ဘုရားသားတော်ကရော ဘယ်မှာလဲ"
တစ်ယောက်က ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည်ကြည့်ရင်း ပြောလိုက်သည်။
ထိုစဉ် သန်မာသောအရှိန်အဝါများ ထွက်ပေါ်နေသော လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ဝင်ရောက်လာသည်။
လူငယ်လေးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဩဇာကြီးမားသော အရှ်ိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းက ကျွင်းမိသားစုမှ စီကွမ်တစ်ဆယ် ကျွင်းကျန်းကျန့်ပင် ဖြစ်၏။
သူက တံခါးပိတ်ကျင့်ကြံနေသော်လည်း ကျွင်းရှောင်ယောက်၏ မွေးနေ့ပွဲအတွက် တမင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
မိန်းမပျိုကား အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်စက် အငွေ့အသက်များ ဖြာထွက်နေ၏။
သူမက ဦးခေါင်းတွင် အပြာရောင် ဖီးနစ်ဆံထိုး ထိုးထားကာ အပြာနုရောင်မျက်လုံးအစုံရှိသည်။ သူ့အသားအရေကလည်း ဖြူဖွေးကြည်လင်ကာ ရေခဲပန်းပုရုပ်ကလေးနှယ် အသွင်ဆောင်၏။
"ဒါက ကျွင်းမိသားစုရဲ့ သတ္တမစီကွမ် ကျွင်းရွယ်ဟွမ်ပဲ... သူ့မှာ ရေခဲတာအိုခန္ဓာရှိတယ်လို့ ပြောကြတယ်... သူ့အတွေးတစ်ချက်နဲ့ မိုင်ထောင်ချီတဲ့ နယ်မြေတစ်ခုကို အေးခဲသွားစေနိုင်တယ်ဆိုပဲ"
လူအများက မိန်းကလေး ကျွင်းရွှယ်ဟွမ်ကိုကြည့်ကာ ပြောလိုက်ကြသည်။
ကျွင်းမိသားစု၏ စီကွယ်ဆယ်ယောက်ဟာ တစ်ယောက်တစ်မျိုးစီ အစွမ်းထက်သည်။
၎င်းတို့အားလုံးက ထူးကဲသော တည်ရှိမှုမျိုးဖြစ်ကာ ကျွင်းရွယ်ဟွမ်ကလည်း ထိုထဲမှ တစ်ယောက်သာ ဖြစ်၏။
"ညီငယ်ရှောင်ယောက်ရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ပွဲကို မင်းလည်းလာမယ်လို့ ထင်မထားခဲ့ဘူး"
ကျွင်းကျန်းကျန့်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
ကျွင်းမိသားစု၏ စီကွမ်အများစုက အပြင်လောကတွင် လှည့်လည်ခြင်း၊ တံခါးပိတ်ကျင့်ကြံခြင်းများ ပြုလုပ်နေ၍ တော်ရုံ ထွက်မလာကြပါချေ။
ထို့ကြောင့် စီကွမ်တချို့သာ ကျွင်းရှောင်ယောက်၏ မွေးနေ့ပွဲသို့ ရောက်ရှိလာကြသည်။
ကျွင်းရွယ်ဟွမ်က နှုတ်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်၏။
"သုံးနှစ်သားကတည်းက နင့်ကို အနိုင်ယူနိုင်ခဲ့တဲ့ နတ်ဘုရားသားတော်က ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ ငါတွေ့ချင်တယ်လေ"
ကျွင်းကျန်းကျန့်မျက်နှာက ရှုံ့မဲ့သွားလေသည်။
ဤသည်က သူ့အတွက် ရှက်စရာ အကြောင်းရာတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် ခန်းမထဲသို့ အခြားလူတစ်ယောက် ဝင်လာသည်။
"အဲဒါ သူလား"
ထိုလူငယ်ကိုမြင်သောအခါ ကျွင်းကျန်းကျန့်နှင့် ကျွင်းရွယ်ဟွမ် တုန်လှုပ်သွား၏။ နှစ်ယောက်စလုံး၏ မျက်နှာအမူအရာကလည်း ချက်ချင်း လေးနက်လာတော့သည်။
-------------
အခန်း ( ၂၆ ) နတ်ဘုရားသားတော်၏ ပြိုင်စံရှား ဒီဇိုင်းကာလာ ဘာညာ အနေအထား
ကျွင်းမိသားစု၏ စီကွမ်နှစ်ယောက်ကို တုန်လှုပ်စေနိုင်သူဟာ လက်ချိုးရေတွက်၍ ရသည်။
ထိုစဉ် အဓိကခန်းမထဲသို့ ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လျှောက်လှမ်းလာသည်။
၎င်းက မေးရိုးကားကားနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာ အမာရွတ်များကြောင့်လည်း ပိုမို ကြောက်စရာကောင်း၏။
၎င်း၏ မျက်လုံးအစုံကား မိုးကြိုးမုန်တိုင်းကဲ့သို့ဖြစ်နေကာ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း လျှပ်စီးများ ထွက်ပေါ်နေပုံရသည်။
"သူထွက်လာတာ ငါမယုံနိုင်ဘူး"
"သူထွက်လာတာက အံ့ဩစရာတော့ ကောင်းတယ်"
လူငယ်ကိုမြင်သောအခါ ပါရမီရှင်များစွာက ရေရွတ်လိုက်ကြသည်။
ရဲ့ရှင်းယွင်ပင် မျက်လုံးများ ကျဉ်းမြောင်းသွားကာ အလေးအနက် ပြောလိုက်၏။
"သူပါ ထွက်လာမယ်လို့ ထင်မထားခဲ့ဘူး... ဒီကျွင်းဝမ်ကျဲက ကျွင်းမိသားစုရဲ့ စီကွယ်ဆယ်ယောက်ထဲမှာ အဆင့်ငါးရှိတယ်"
ကျွင်းဝမ်ကျဲဟာ ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
၎င်းက ကျွင်းမိသားစုဝင်တစ်ယောက်မဟုတ်ပေ။ သူဟာ အပြင်မိသားစု၌ မွေးဖွားခဲ့ပြီး အဆင့်အတန်းနိမ့်ကျလွန်းသည့်အတွက်လည်း တခြားသူများ အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရသည်။
ကျွင်းမိသားစု၏ အနီးမျိုးနွယ်များတွင် မွေးဖွားလာသူများဟာ အရွယ်ရောက်သည်နှင့် ကျွင်းမိသားစု၏ တာအိုစီရင်စုများကို ကာကွယ်ရန်အတွက် နေရာအသီးသီးကို စေလွှတ်ခံကြရသည်။
မူလကတော့ ကျွင်းဝမ်ကျဲဟာ သူတို့ထဲမှ တစ်ယောက်ပင်။
သို့ရာတွင် ယင်းက ကပ်ဘေးရှင်သန်ကောင်းကင်နည်းလမ်းဟုခေါ်သော အဓိပဓိနည်းလမ်းတစ်ခုကို မရရှိသေးမီ အချိန်အထိပင်။
အကြောင်းမူကား ကျွင်းဝမ်ကျဲဟာ ထိပ်တန်းတာအိုခန္ဓာဖြစ်သော ကပ်ဘေးမိုးကြိုးတိုက်ခိုက်ရေးခန္ဓာကိုယ်ကို နိုးထလာခဲ့သောကြောင့်ပင် ဖြစ်သည်။
ကပ်ဘေးမိုးကြိုးတိုက်ခိုက်ရေးခန္ဓာဟာ ထိပ်တန်း တာအိုခန္ဓာသုံးရာအတွင်း ဝင်ရောက်နိုင်ပြီး အလွန်အစွမ်းထက်သည်။
ရလဒ်အနေဖြင့် ကျွင်းဝမ်ကျဲဟာ ကျွင်းမိသားစုမှ စီကွမ်နံပါတ်ငါး ဖြစ်လာခဲ့ရ၏။
ကျွင်းမိသားစု၏ စီကွမ်ဆယ်ယောက်က ထိပ်တန်းများပင် ဖြစ်ကြသော်လည်း ၎င်းတို့ကြားတွင် ခွန်အားကွာဟမှုများ ရှိနေပါသေးသည်။
ထို့ကြောင့် ထိပ်တန်းငါးယောက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းက ကျွင်းဝမ်ကျဲ၏ခွန်အားကို သက်သေပြရန်လုံလောက်သည်။
သို့ရာတွင် ကျွင်းဝမ်ကျဲရောက်ရှိလာခြင်းက ကျွင်းကျန်းကျန့်နှင့် ကျွင်းရွယ်ဟွမ်ကို မျက်မှောင်ကြုတ်သွားစေ၏။
အကြောင်းက ကျွင်းဝမ်ကျဲဟာ ငယ်ငယ်ကတည်းက အနိုင်ကျင့်စော်ကားမှုများစွာကို ခံခဲ့ရသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျွင်းဝမ်ကျဲက အေးစက်စက်နှင့် မာနကြီး၍ တခြားစီကွမ်များနှင့် ဆက်ဆံရေးမကောင်းပေ။
"သူ့ရဲ့စိတ်နေသဘောထားနဲ့ ညီလေးရှောင်ယောက်ရဲ့ မွေးနေ့ပွဲကိုလာတာက နည်းနည်းထူးနေတယ်"
ကျွင်းကျန်းကျန့် ရေရွတ်လိုက်သည်။ ကျွင်းဝမ်ကျဲ ရောက်ရှိလာခြင်းကို သူသိပ်သဘောမကျပေ။
"သူက နတ်ဘုရားတော်ရဲ့ခွန်အားကို သိချင်လို့လည်း ဖြစ်နိုင်တာပဲ... နောက်ဆုံးမှာတော့ နတ်ဘုရားသားတော်က အနာဂတ်မှာ စီကွမ်ဆယ်ယောက်ထဲကို ဝင်ရောက်လာနိုင်ချေရှိနေတယ် မဟုတ်လား"
ကျွင်းရွယ်ဟွမ်လည်း ခန့်မှန်းလိုက်သည်။
သို့သော် ကျွင်းရှောင်ယောက်က မွေးစကပင် စီကွမ်သုညဖြစ်နေမှန်း သူတို့ မသိကြပါချေ။
ကျွင်းဝမ်ကျဲက ရောက်လာသည်နှင့် ဘာစကားမှမပြောဘဲ တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ ထူးခြားသော ဟန်ပန်နှင့် သူ့အရှိန်အဝါများကြောင့်လည်း မည်သူမှ အနားမကပ်ဝံ့ပါချေ။
ကျွင်းမိသားစု၏ စီကွမ်သုံးယောက် ရောက်ရှိလာပြီးနောက် ခန်းမအတွင်းရှိ လေထုက ပိုမိုသက်ဝင်လာသည်။
ထိုစဉ် နန်းတော်အတွင်းသို့ ကြောက်စရာအရှိန်အဝါနှင့် လူများ တစ်ယောက်ပြီးတစ်ယောက် ထပ်ဝင်လာသည်။ ၎င်းတို့ဝင်လာသောအခါ လူအများက ချက်ချင်း အာရုံစိုက်သွား၏။
ယင်းက ကျွင်းမိသားစု၏ အကြီးအကဲများ ဖြစ်ကြသည်။ ထိုအထဲတွင် ကျွင်းရှာင်ယောက်၏ မိခင် ကျန်းရို့သည်လည်း တစ်ယောက်အပါအဝင်ပင်။
"ကျုပ်မြေးရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ကို ရောက်လာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ပေးတဲ့ လက်ဆောင်တွေအတွက်လည်း ကျေနပ်အားရမိပါတယ်"
လူစုအလယ်မှ ရွှေရောင်ဝတ်စုံဝတ် ကျွင်းကျန်းထျန်းက လက်ယှက်ကာ ပြောလိုက်သည်။
"ယဉ်ကျေးနေစရာ မလိုပါဘူးခင်ဗျာ"
"နတ်ဘုရားသားတော်ကို မြင်ခွင့်ရတာနဲ့တင် ကျုပ်တို့အတွက်တော့ ဂုဏ်ယူစရာဖြစ်နေခဲ့ပါပြီ"
အားလုံးက လက်ယှက်ကာ ပြုံးလျက် ပြန်ပြောလိုက်ကြသည်။
ထိုစဉ် အကြီးအကဲတစ်ယောက်က အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ထရပ်ကာ မေးလိုက်သည်။
"ဒါနဲ့ နတ်ဘုရားသားတော်က အခုဘယ်မှာလဲဗျ"
ထိုစကားကြောင့် တခြားသူများလည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံးကလည်း ဤအကြောင်းကိုပင် တွေးနေကြခြင်း ဖြစ်၏။
မွေးနေ့ပွဲက စတင်နေပြီဖြစ်သော်လည်း နတ်ဘုရားသားတော်ကို အခုထိ မမြင်ရသေးပေ။ ယင်းက အနည်းငယ် အဆင်မပြေ ဖြစ်စေသည်။
ထို့အပြင် ဧည့်သည်အများစုက ကျွင်းမိသားစုမှ နတ်ဘုရားသားတော်အား မြင်ဖူးကြရန် လာရောက်ကြခြင်းပင် မဟုတ်ပါလား။
"ဒီအတွက် အားလုံးကို ကျုပ်ကပဲ တောင်းပန်ပါရစေ..။ ကျုပ်မြေးက တံခါးပိတ်ကျင့်ကြံနေလို့ ထွက်မလာသေးဘူး... ဒါပေမဲ့ မကြာခင် ထွက်လာပါလိမ့်မယ်"
ကျွင်းကျန်းထျန်း ပြောလိုက်သည်။ သူ့အသံပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ဧကရာဇ်နန်းတော်အတွင်းပိုင်းမှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ၏။
မိုးကြိုးထစ်ချုံးသံများနှင့်အတူ ကောင်းကင်ယံ၌ ရောင်စုံအလင်းများလည်း ဖြစ်ပေါ်လာတော့သည်။
"ဘာဖြစ်တာတုံးဟ... ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ"
"တစ်ယောက်ယောက်တော့ အဆင့်တက်သွားပြီထင်တယ်... ဒါက နတ်ဘုရားသားတော်များလား"
"ဒါပေမဲ့ အဆင့်တက်တယ်ဆိုရင်တောင် ဒီပုံစံက ကြောက်စရာကောင်းတယ် မဟုတ်လား"
ကောင်းကင်ဧကရာဇ်နန်းတောမမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကိုခံစားမိသောအခါ အားလုံး အံ့အားသင့်ကုန်ကြသည်။ ထို့နောက် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ကြလေသည်။
"ဝုန်း"
ထိုစဉ် ကြီးကျယ်ခမ်းနား၍ တောက်ပသော ရွှေရောင်အလင်းများဟာ ကောင်းကင်ဧကရာဇ်နန်းတော်အထက် လေထဲသို့ ထိုးတက်သွား၏။
၎င်းရွှေရောင်အလင်း၌ လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဆင်ပုံရိပ်တစ်ခုလည်း ထွက်ပေါ်နေတော့သည်။
"ဒါက ဘယ်လိုနည်းလမ်းမျိုးလဲဟ… ငါတောင်မှ နည်းနည်းတုန်လှုပ်လာသလိုပဲ"
ရှေးဟောင်းနတ်ဆင်မှဖိအားကို ခံစားမိသောအခါ ရဲ့ရှင်းယွင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူသည် ကြယ်တာရာတာအိုခန္ဓာကိုယ်နှင့် ရဲ့ရှင်းယွင်ဟာ မာနကြီးခဲ့သည်။ သူ့အရည်အချင်းကလည်း မာနကြီးလောက်၏။
ယခုတော့ ရှေးဟောင်းနတ်ဆင်မှဖိအားကို ခံစားနေခဲ့ရချေပြီ။
ရဲရှင်းယွင် မျက်မှောင်ကြုတ်သွားသည်။ ဤခံစားချက်ကိုသူမကြိုက်ပေ။
ဧည့်သည်အားလုံး အံ့သြသွားကြသည်။
ထိုစဉ် ကောင်းကင်မှ ဧရာမလက်ကြီးတစ်ဖက် ဆင်းသက်လာကာ ဆန်းကျယ်သောမြင်ကွင်းများကို တခြားသူများ မမြင်ရစေရန် တားဆီးသွားခဲ့သည်။ ထို့ကြောင့် ဘာဆက်ဖြစ်မသိရတော့ပေ။
"ဒီ... ဒီလက်ကြီးက... အဓိပဓိတန်ခိုးရှင်ရဲ့ လက်ကြီးပဲလား"
မြင်ကွင်းများကို ဖုံးကွယ်သွားသည့် ဧရာမလက်ကြီးကိုမြင်ပြီးနောက် အားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။
ယခုလှုပ်ရှားလာသူက အဓိပဓိတန်ခိုးရှင်မှန်း သံသယရှိစရာ မလိုပေ။
'ဒါက ကျွင်းမိသားစုရဲ့ ဘိုးဘေးဆယ့်ရှစ်ပဲလား'
တချို့ကလည်း အပြင်ကိုထုတ်မပြောဘဲ စိတ်ထဲမှ ခန့်မှန်းနေသည်။
နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ် နန်းတော်ကိုပါ ကာကွယ်ထားသော လက်ဝါးကြီး ပျောက်ကွယ်သွားသည်။ ထိုအခါ လေထဲတွင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် လူငယ်လေးတစ်ယောက် ထွက်ပေါ်လာ၏။
ထိုအခါ အကြည့်အားလုံးက လူငယ်အပေါ်သို့ စုပြုံကျဆင်းလာတော့သည်။
လူငယ်က နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားသော လူဖလံလေးတစ်ယောက် ဖြစ်သည်။ သူ့ခန္ဓာဝန်းကျင်တွင်မူ နတ်အလင်းရောင် ခပ်ဖျော့ဖျော့ထွက်ပေါ်နေပြီး ဤလောကနှင့်မသက်ဆိုင်သော နတ်တစ်ပါးကဲ့သို့ ထင်ရစေ၏။
သူ့ဆံပင်နှင့် အသားရေကလည်း တလက်လက် တောက်ပနေလေသည်။
နတ်အလင်းများ ရှိနေသေး၍ မျက်နှာကို သေချာမမြင်ရသေးသည့်တိုင် ချောမောခန့်ညားမှန်းတော့ သိသာသည်။
သူက ဘယ်လောက်ထိ ချောမောသည်ဆိုတာကို ဖော်ပြရန်ပင် မလွယ်တော့ပေ။
ဤအခိုက်တွင် လူတိုင်း စိတ်ရှုပ်ထွေးသွားသည်။
အနှီလူငယ်က လူသားတစ်ဦးပင်လော၊ သို့တည်းမဟုတ် နတ်ပြည်မှဆင်းသက်လာသော နတ်သားတစ်ပါးပင်လော။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မိန်းမပျိုလေးများလည်း အသက်ရှူရန်မေ့နေသကဲ့သို့ ငေးမောသွား၏။
ကျွင်းရှောင်ယောက်ကို မြင်တွေ့ဖူးသော ကျွင်းမိသားစုမှ မိန်းကလေးများပင် ဤအခိုက်တွင် ရင်ခုန်သံ မြန်လာကြတော့သည်။
တစ်နှစ်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် ကျွင်းရှောင်ယောက်ဟာ ပိုတိုးတက်လာပုံရသည်။ ထို့ကြောင့်ပင် သူက ပို၍ခန့်ညားကာ အံ့ဩဖွယ်ရာလည်း ကောင်းလာခဲ့၏။
"ဒီလောကမှာ နတ်ဘုရားသားတော်လောက် ဘယ်သူမှ မချောနိုင်ဘူး"
ကျွင်းမိသားစုမှ မိန်းကလေးတစ်ယောက်ဟာ မနေနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် လူအများ၏အကြည့်များနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသောကြောင့် ကျွင်းရှောင်ယောက်ပင် အနည်းငယ် ထိတ်လန့်သွားမိသည်။
'ငါ့မွေးနေ့ပွဲက စတောင် စနေပြီလား'
ကျွင်းရှောင်ယောက်ဟာ ခဏတွင်း၌ တစ်နှစ်ကြာသွားမည်ဟု ထင်မထားခဲ့ပေ။ သူ့အတွက်တော့ စက္ကန့်ပိုင်းမျှသာကြာသည်ဟု ခံစားနေရဆဲပင်။
သူ့နယ်ပယ်မူကား အစစ်အမှန်ဝိညာဉ်နယ်ပယ် အဆင့်ကိုးအထွတ်အထိပ်ကိုပင် ရောကိရှိသွားခဲ့၏။
ယင်းက အစစ်အမှန်ဝိညာဉ်နယ်ပယ်ကို ချိုးဖြတ်ရန်ဟူသော မူလ သူ့ရည်ရွယ်ချက်ကိုပင် များစွာ ကျော်လွန်ခဲ့ချေပြီ။
ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်လုံး၌ပင် သူ့အသက်အရွယ်နှင့် ဤအဆင့်ထိ ရောက်ရှိနိုင်သူက လက်ချိုးရေ၍ ရနိုင်သည်။
ကျွင်းရှောင်ယောက်ထွက်လာသောအခါ နန်းတော်အရှေ့တွင်စောင့်နေသော ကျွင်းလင်းလုံက အရှေ့တိုးသွားကာ ပြောလိုက်သည်။
"သခင်လေး... မွေးနေ့ပွဲ စတင်နေပါပြီ..။ ပိုင်ယုအာကတော့ ဖီးနစ် ရှေးဟောင်းတိုင်းပြည်ကို ပြန်သွားပြီ"
"ကောင်းပြီ... အဓိကခန်းမကို အခုပဲသွားကြမယ်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်၍ နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲမှလျှောက်လှမ်းကာ နန်းတော်အတွင်းသို့ ဝင်ရောက်သွား၏။
ကျွင်းရှောင်ယောက် ပျောက်ကွယ်သွားသောအခါမှ အားလုံး သတိပြန်ဝင်လာကြလေတော့သည်။
"နတ်ဘုရားသားတော်က ဘယ်လောက်ထိ အစွမ်းထက်မလဲ မသိပေမဲ့ သူ့ရဲ့ဟန်ပန်ကတော့ အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးမှာတောင် အကောင်းဆုံးပဲ"
အင်အားစုကြီးတစ်ခုမှ နတ်မိန်းမပျိုတစ်ယောက်က ရေရွတ်လိုက်သည်။
ယခုအခါ နတ်ဘုရားသားတော်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီမှန်း အားလုံးသိသွားကြချေပြီ။
ထိုစဉ် တည်ငြိမ် အေးချမ်းသော အသံတစ်ချက်က ကောင်းကင်ဧကရာဇ်နန်းတော်အတွင်းမှ ထွက်ပေါ်လာသည်။
"ကျုပ်ရဲ့ မွေးနေ့ပွဲကို ကြွရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ထို့နောက် ခန့်ထည်သော အဖြူရောင်ဝတ် လူငယ်လေးတစ်ယောက် အခန်းထဲကို ဝင်ရောက်လာ၏။
ဤအခိုက်တွင် အရာအားလုံး တိတ်ဆိတ်သွားကြလေတော့သည်။
-------------
အခန်း ( ၂၇ ) ကျန်းလော့လီ၏အနေအထား၊ ရဲ့ရှင်းယွင် ရန်စခြင်း
ကျွင်းရှောင်ယောက်၏ ချောမောခန့်ညားသောအသွင်ကြောင့် အားလုံး ငေးမောသွားရသည်။
မိန်းမပျိုလေးများသည်လည်း အနှီနတ်သားလေးက သူတို့ဝိညာဉ်များကို ခိုးယူသွားသည့်နှယ် ငေးမောကာ ငေးမောကာ ကြည့်နေကြ၏။
ကျွင်းရှောင်ယောက်ဟာ ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သားတစ်ပါးနှယ် သူ့အမူအရာများက မြင့်မြတ်သည့်အသွင်ဆောင်နေသည်။
"ဒါက နတ်ဘုရားသားတော်လား... ကောလဟာလတွေထက်တောင် သူက အဆတစ်ရာ ပိုချောတာပဲ... တကယ်ကို နတ်ဘုရားသားတော်ပဲ"
အားလုံး သက်ပြင်းချလိုက်ကြသည်။
ထိုစဉ် မိန်းမပျိုလေးတစ်ယောက်၏အသံက တိတ်ဆိတ်မှုကိုဖြိုခွင်းကာ ထွက်ပေါ်လာသည်။
"အို... ရှင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်လား"
ယင်းက အရောင်တလက်လက်တောက်ကနေသော မျက်လုံးပြူးပြူးလေးနှင့် ကောင်မလေးတစ်ယောက်ပင်။ သူဟာ အနီရောင်နှုတ်ခမ်းလေးကို အသာဟ၍ ပြောလာသည်။
"ဟုတ်ပါတယ်... ဒါထက် မင်းက..."
ကျွင်းရှောင်ယောက် မျက်ခုံးပင့်၍ အနှီမိန်းမလှလေးကို လှည့်ကြည့်လိုက်သည်။
ပထမဆုံး သူသတိထားမိသည်က ဤမိန်းကလေးဟာ အရပ်နည်းနည်းပု၏။
ဟုတ်ပေသည်။
ယင်းက ကျန်းလော့လီသာ ဖြစ်သည်။ ကျန်းလော့လီဟာ တောက်ကသောမျက်လုံး၊ ဖြူဖွေးသော သွားအစုံ၊ ချစ်စဖွယ် ပါးချိုင့်လေးနှစ်ခုနှင့် ချစ်စရာကောင်းလွန်းသူ ဖြစ်သည်။
သို့သော် သူ့ခန္ဓာလေးက သေးသေးသွယ်သွယ်နှင့် အရပ် ငါးပေခန့်သာ ရှိ၏။
ကျန်းလော့လီက အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပါးပြင်များ နီမြန်းနေကာ ပြောလိုက်သည်။
"ကျွန်မ... ကျွန်မနာမည်က ကျန်းလော့လီပါ"
"ကျန်းလော်လီတာလား"
ထူးထူးခြားခြား နာမည်ကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
"မဟုတ်ဘူး မဟုတ်ဘူး... ကျွန်မပြောတာက ကျန်း လော့လီပါ"
ကျန့်လော့လီ ကမန်းကတန်း ပြောလိုက်သည်။
ထိုအခါမှပင် ကျွင်းရှောင်ယောက် သဘောပေါက်သွား၏။
သူမက သူ့မိခင် ကျန်းရို့၏ ကျန်းမိသားစုမှပင်။
ကျွင်းရှောင်ယောက်လည်း သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။
"ငါ့မွေးနေ့ပွဲကိုလာတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း... ဒါက ငါ့အတွက် ဂုဏ်ယူစရာပါ"
ကျွင်းရှောင်ယောက်က ပြုံးပြနေသည်ကိုမြင်သောအခါ ကျန်းလော့လီ တကိုယ်လုံး ထူပူသွား၏။ ရုပ်ရည်ကို အဓိကထားသော ကျန်းလော့လီအတွက် ကျွင်းရှောင်ယောက်ဟာ တကယ်ကို ပြီးပြည့်စုံပေသည်။
နံဘေးတွင်ရပ်နေသော ကျန်းစန်းယီပင် သူမ၏ ချောမောသည့်တူလေးကို မြင်ရသည့်အခါ နှလုံးသားများ လှုပ်ခတ်သွားရသည်။
သူဟာ ကျန်းလော့လီနှင့် ကျွင်းရှောင်ယောက်ကို အနေရခက်စေရန် စနောက်ဖို့ကြံထားသော်လည်း ယခုအခါ စိတ်ကူးအားလုံး ပျက်သွားခဲ့ချေပြီ။
ကျွင်းရှောင်ယောက်ကို မြင်လိုက်သည်နှင့် မမြင်နိုင်သော လှိုင်းတံပိုးများက သူမနှလုံးသားကို ရိုကိခတ်လာသည်။
ပိုအံ့ဩစရာကောင်းသည်မှာ ယင်းက သူမ၏ သန္တောစွမ်းအင်တာအိုခန္ဓာကိုပင် လှုပ်ခတ်သွားစေခဲ့ခြင်းပင်။ သူမ မည်သို့ရှင်းပြရမှန်းမသိသော်လည်း ကျွင်းရှောင်ယောက်ဟာ သူ့နှလုံးသားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ဖမ်းစားသွားသကဲ့သို့ပင် ဖြစ်သည်။
'ငါဘာတွေဖြစ်နေတာလဲ'
ကျန်းစန်းယီ ရုတ်တရက် သတိပြန်ဝင်လာကာ မျက်နှာပင် အနည်းငယ်ပူသွားမိ၏။
ကျန်းရို့က ပြုံးကာ ကျွင်းရှောင်ယောက်ကို ပြောလိုက်သည်။
"ရှောင်ယောက်... ဒီကိုလာပါအုံးကွယ်..။ ဒါက ကျန်းစန်းယီလို့ခေါ်တယ်... အမေ့ရဲ့ဝမ်းကွဲညီမ၊ သားရဲ့ ဒေါ်လေးပေါ့..။ သူကတော့ ကျန်းမိသားစုရဲ့ ပုလဲရတနာလေး ကျန်းလော့လီလေ..။ အခုက မင်းတို့ကို မိတ်ဆက်ပေးဖို့ အချိန်ကောင်းပဲ"
ထိုအခါ ကျွင်းရှောင်ယောက် ဆွံ့အသွား၏။
ဤဂျပုမလေးက သူနှင့်ပေးစားရန် ကျွင်းကျန်းထျန်းနှင့် ကျန်းရို့တို့ ကြံစည်နေသော မိန်းကလး ကျန်းလော့လီဆိုပါလား။
"ဒေါ်လေးစန်းယီ"
ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို ခေါင်းညိတ်ပြလိုက်သည်။
"ဒါက ငါ့ကိုငါ အသက်အရမ်းကြီးသွားသလို ခံစားရစေတယ်... ငါ့ကို အမလို့ပဲခေါ်ပါ"
ကျန်းစန်းယီ သူ့နှလုံးသားမှ ဆန်းကျယ်သောခံစားချက်များကို ဖုံးကွယ်ကာ ပြုံးလျက် ပြောလိုက်သည်။
တချိန်တည်းမှာပင် ကျွင်းရှောင်ယောက်က မည်သို့သောခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်ကို အကဲခတ်နေ၏။
အခြားတစ်ဖက်တွင်ကား ကျန်းလော့လီဟာ ကျွင်းရှောင်ယောက် ထွက်လာကတည်းက မျက်နှာတစ်ခုလုံး နရဲနေတော့သည်။
ယခုအခါ ယခင်ကကဲ့သို့ ဖျတ်လတ်တက်ကြွမှုအစား ရှက်ရွံ့မှုများသာ ပြည့်နှက်နေသည်။
ဧည့်သည်များပင် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသကဲ့သို့ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ကျန်းမိသားစု၏ ပုလဲရတနာလေးက နတ်ဘုရားသားတော်ကို စွဲလမ်းသွားပုံရပေသည်။
ထိုမြင်ကွင်းကိုမြင်ပြီးနောက် ရဲ့ရှင်းယွင်မျက်နှာက ဒေါသကြောင့် ပြာနှမ်းသွားသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ရဲ့ရှင်းယွင်မျက်နှာ မည်းမှောင်သွား၏။
အမှန်အတိုင်းဆိုရလျှင် သူက ကျွင်းရှောင်ယောက်ကို ရန်စဖို့ မရည်ရွယ်ပါချေ။
သို့သော်လည်း ဤမြင်ကွင်းက သူ့ကို ဒေါသဖြစ်စေသည်။
ကျန်းလော့လီဟာ သူနှစ်နှစ်ကာကာချစ်ရသော မိန်းကလေးပင် ဖြစ်၏။
အရည်အချင်း၊ နောက်ခံ၊ ပါရမီ အရာရာတိုင်း၌ ကျွင်းရှောင်ယောက်ကို ယှဉ်နိုင်မည်ဟု သူယုံသည်။ တစ်ခုသာ... ကျွင်းရှောင်ယောက်ဟာ သူ့ထက်ပိုချောသည်။
ထို့အပြင် သူနှင့်ကျန်းလော့လီဟာ လျှို့ဝှက်နယ်မြေတစ်ခုတွင် မတော်တဆ ဆုံဖူး၏။ ကျွင်းရှောင်ယောက်ကတော့ ယခုမှ တွေ့ဖူးခြင်းသာ ဖြစ်ပေသည်။
သို့တိုင် ကျန်းလော့လီက ကျွင်းရှောင်ယောက်ပေါ် တိမ်းညွှတ်သကဲ့သို့ ရှိလာပြီ ဖြစ်သည်။
ယင်းက အဘယ်ကြောင့်နည်း။
ကျွင်းရှောင်ယောက်က သူ့ထက်ပိုချောလျှင်ပင် ဘာဖြစ်သေးသနည်း။
အခြားတစ်ဖက်တွင် ကျွင်းကျန်းကျန့်က သက်ပြင်းချလိုက်သည်။
"နှစ်နည်းနည်းပဲ ရှိသေးတယ်... ညီလေးရှောင်ယောက်က ဒီအခြေအနေအထိ ကြီးပျင်းလာခဲ့ပြီ"
ကျွင်းကျန်းကျန့်ဟာ ကျွင်းရှောင်ယောက်နှင့် ရန်ငြိုးမဖွဲ့ဘဲ မိတ်ဖွဲ့ခဲ့မိသည့်အတွက် သူ့ကိုယ်သူ ကံကောင်းသူဟု တွေးလိုက်မိသည်။
တစ်ဖက်တွင်လည်း ကျွင်းရွယ်ဟွမ်ဟာ ကျွင်းရှောင်ယောက်ကို အပြာနုရောင် မျက်လုံးလေးများနှင့် စိုက်ကြည့်လိုက်မိ၏။
သို့သော်လည်း သူက ကျွင်းလော့လီကဲ့သို့ မဟုတ်ခဲ့ပါချေ။
ကျွင်းရွယ်ဟွမ် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"သခင်လေးနတ်ဘုရားသားတော်က တကယ်ကို ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေတယ်..။ ငါသူ့ကို မမြင်နိုင်ဘူး"
ကျွင်းရှောင်ယောက်နှင့် ကျွင်းရွယ်ဟွမ်ကတော့ ကျွင်းဝမ်ကျဲကိုတော့ မျက်လုံးထောင့်မှ သတိထားမိ၏။
ကျွင်းရှောင်ယောက် ဝင်လာကတည်းက ကျွင်းဝမ်ကျဲ၏ မျက်လုံးအကြည့်များဟာ သူ့ထံမှ မလွှဲတော့ပေ။
ကျွင်းဝမ်ကျဲ၏ မျက်လုံးများက လုံးဝ အေးစက်နေသည်။
နွမ်းပါးသော မိသားစုမှ အနှိမ်ခံဘဝမှ ကြီးပျင်းလာသူဖြစ်သောကြောင့်လည်း သူဟာ အစစအရာရာပြည့်စုံနေသော ကျွင်းရှောင်ယောက်ကို မကျေမနပ်ဖြစ်နေပုံရသည်။
"ကျွင်းဝမ်ကျဲက ညီလေးရှောင်ယောက်ကို သိပ်သဘောမကျသလိုပဲ"
ကျွင်းကျန်းကျန့်က ကျွင်းရွယ်ဟွမ်ကို ခပ်တိုးတိုး ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ဒီနတ်ဘုရားသားတော်ရဲ့ အဆင့်အတန်းနဲ့ ဆက်ဆံခံရပုံကို ငါတောင် နည်းနည်း မနာလိုဖြစ်မိတယ်"
ကျွင်းရွယ်ဟွမ် ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။
သို့သော်လည်း ကျွင်းဝမ်ကျဲက ကျွင်းရှောင်ယောက်ကို အေးစက်စက်ဖြင့်သာ ကြည့်နေပြီး ဘာမှလုပ်မည့်ပုံမရပေ။
မွေးနေ့ပွဲက ဆက်လက် ကျင်းပနေခဲ့သည်။
လူအများစုကတော့ ကျွင်းရှောင်ယောက်ကို အာရုံစိုက်နေကြဆဲပင်။
မဟာရှန့်မင်းဆက်၏ မင်းသမီးလည်း အချိန်အတော်ကြာ ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေပြီးနောက် ခေါင်းကိုခါယမ်းကာ ရေရွတ်လိုက်သည်။
"ငါက နတ်ဘုရားသားတော်နဲ့ မထိုက်တန်ပါဘူး"
သူ့စကားကိုကြားရသူများမှာ အံ့ဩတုန်လှုပ်သွားကြ၏။
နာမည်ကျော် ရှန့်မင်းသမီးလေးပင် ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် မထိုက်တန်ပါဟု ကိုယ့်ကိုယ်ကိုယ် ပြောလာခဲ့ပြီလော။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဘယ်လောက်ထိ အရည်အချင်းရှိမယ်ဆိုတာ ဘယ်သူသိမှာလဲ..။ သူက ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်"
တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ သူ့စကားကို ကြားသူများဟာ အသံလာရာကို ချက်ချင်း လှည့်ကကြည့်လိုက်ကြ၏။
"ဒါ ရဲ့မိသားစုက ကြယ်မင်းတာအိုခန္ဓာနဲ့ ရဲ့ရှင်းယွင်ပဲ"
တချို့လူများက စိတ်ရှုပ်ထွေးသွားကြသည်။
ရဲ့ရှင်းယွင်က ကျွင်းရှောင်ယောက်ကို မကျေမနပ်ဖြစ်နေပါသလော။
သို့သော် နတ်ဘုရားသားတော်က သူ့ကို ရန်မစဖူးပြီ မဟုတ်ပါလော။
"သခင်လေး... လျှောက်မပြောပါနဲ့"
ရဲ့ရှင်းယွင်နံဘေးမှ သူတော်စင်တစ်ပိုင်း အဘိုးကြီးလည်း ကမန်းကတန်း သတိပေးလိုက်၏။
"ဟမ့်"
ရဲ့ရှင်းယွင် မျက်မှောင်ကြုတ်လာသည်။
သူကဲ့သို့ ရှေးဟောင်းကလန်မှ ပါရမီရှင်ဟာ ဤမှတ်ချက်မျိုးပင် ပေး၍ မရပေသလော။
တစ်ဖက်မှာတော့ ကျန်းရို့ဟာ ကျွင်းရှောင်ယောက်ကို လက်ဆွဲ၍ ကျန်းလော့လီအကြောင်းများကိုသာ ဆက်တိုက် ပြောဆိုနေသည်။
ကျန်းရို့ ပြုံးကာ ပြောလိုက်၏။
"ရှောင်ယောက်... မင်းလည်း ငယ်တော့တာမှ မဟုတ်တာ..။ မင်းအမေက မြေးချီချင်နေပြီကွဲ့"
ထိုစကားကြောင့် ကျွင်းရှောင်ယောက် ဘာပြန်ပြောရမှန်းမသိတော့ဘဲ မျက်လုံးပြူးသွားသည်။
သူက ဘယ်အချိန်ကစပြီး အရွယ်ရောက်သွားသနည်း။
သူက အရပ်မြင့်မြင့်နှင့် ထွားကျိုင်း၍ ဆယ့်လေး၊ ဆယ့်ငါးနှစ်ခန့်ရှိသော်လည်း တကယ်တမ်း ဆယ်နှစ်သားသာ ရှိသေးသည်။
ထို့အပြင် ကျွင်းရှောင်ယောက်ဟာ ကျွင်းလော့လီအပေါ်၌ ခံစားချက်မရှိသေးပေ။
ကျွင်းရှောင်ယောက်အနေဖြင့် ကျွင်းလော့လီနှင့် လက်ထပ်ရပါက ကိုယ့်ကိုယ်ကိုယ် ရာဇဝတ်ကောင်ဟုပင် ထင်မှတ်နေမိမည် ဖြစ်သည်။
ကျန်းလော့လီကတော့ အရှက်သည်းနေ၍ ကျွင်းရှောင်ယောက်ကိုပင် မကြည့်ဝံ့တော့ပေ။
"ခစ်ခစ်... လက်ထပ်ရတာထက် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ဘယ်သူပြောတာပါလိမ့်နော်"
နံဘေးတွင် ကျန်းစန်းယီက ကျန်းလော့လီကို စနောက်လိုက်သည်။
ကျန်းလော့လီလည်း နှုတ်ခမ်းစူကာ ချက်ချင်း ပြောလိုက်၏။
"အမစန်းယီနော်... ညီမက ဘယ်တုန်းက ပြောဖူးလို့လဲ"
ယခုအခါ သူက ဝန်ခံတော့မည် မဟုတ်ပေ။
'သူက ငါမြင်ဖူးတဲ့အထဲမှာ အချောဆုံးပဲ'
ကျန်းလော့လီ စိတ်ထဲမှ တွေးလိုက်သည်။
ဤအခိုက်တွင် လက်ထပ်ရန်အတွက် လူကြီးများ ကြိုစီစဉ်ထားခြင်းဟာ အလွန်သင့်တော်သကဲ့သို့ ခံစားလိုက်ရသည်။
ယင်းက ကမ္ဘာပေါ်တွင် အကောင်းဆုံးအရာကဲ့သို့ပင် ခံစားလိုက်ရ၏။
ရဲ့ရှင်းယွင်ကတော့ ကျန်းလော့လီနှင့်အတူရှိနေသော ကျွင်းရှောင်ယောက်ကိုကြည့်ကာ အလွန်မင်း မနာလိုလာတော့သည်။
"ဝုန်း"
ရဲ့ရှင်းယွင် လက်ထဲမှအရက်ခွက်ကို စားပွဲပေါ်တွင် ဆောင့်ချလိုက်၏။
ထိုအခါ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်..။ ကျုပ်ကတော့ ရှေးဟောင်းရဲ့မိသားစုက ရဲ့ရှင်းယွင်ပဲ... ကျုပ်က နတ်ဘုရားသားတော်ဆီက ပညာလေးများ ရယူခွင့်ရှိမလား"
-------------
အခန်း ( ၂၈ ) ကျွင်းရှောင်ယောက်က ဘာမှ ထူးခြားမှုမရှိဘူး၊ ရဲ့ရှင်းယွင် တုန်လှုပ်ရခြင်း
ရဲ့ရှင်းယွင်စကားသံဟာ ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့၏။
သူ့စကားကြောင့် အင်အားစုအားလုံးမှ ကျွမ်းကျင်သူများ တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
"ဒါက ရှေးဟောင်းရဲ့မိသားစုက ကြယ်တာအိုခန္ဓာနဲ့ ပါရမီရှင်ပဲ... သူက နတ်ဘုရားသားတော်ကို ဘာလုပ်ချင်နေတာလဲ"
"ဟုတ်ပါ့ဗျာ... ဒါက ကျွင်းမိသားစုက နတ်ဘုရားသားတော်ရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ပွဲကို... ရဲ့ရှင်းယွင်က ဒီလိုမျိုးပြောဝံ့တာ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး"
"တကယ်တော့ ရဲ့ရှင်းယွင်က ကျန်းမိသားစုရဲ့ ပုလဲရတနာလေးကို သဘောကျနေတာတဲ့ဗျ"
ခန်းမကြီးအတွင်းရှိ ဧည့်သည်များဟာ အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။
သူတို့က အသံကျယ်ကျယ်တော့ မပြောဝံ့ပေ။
နောက်ဆုံးတွင် ရဲ့မိသားစုက ဩဇာတိက္ကမကြီးမားသော ရှေးဟောင်းကလန်တစ်ခုပင် မဟုတ်ပါလား။
ဤသို့သော အင်အားစုများကြားတွင် ဝင်ရောက်စွတ်ဖက်ခြင်းက ဉာဏ်မရှိရာ ကျသည်။
ရဲ့ရှင်းယွင်နံဘေးမှ အစေခံအဘိုးကြီးမှာတော့ ထိုစကားကြောင့် ထိတ်လန့်တကြားဖြစ်သွား၏။
"သခင်လေး... ဒီလိုမျိုး မနောက်ပါနဲ့"
ရဲ့ရှင်းယွင်၏ အစေခံက ကမန်းကတန်း ထပြောလိုက်သည်။
"တော်လောက်ပြီ ဦးလေးဖူ... ကျွန်တော်က ဒီမှာ ပြဿနာလာရှာတာ မဟုတ်ဘူး..။ နတ်ဘုရားသားတော်ကိုမြင်တော့ စိတ်လှုပ်ရှားသွားလို့ပါ"
ရဲ့ရှင်းယွင် တားမြစ်လိုက်သည်။
သူချစ်ရသူက တခြားတစ်ယောက်ရှေ့တွင် ကြည်နူးဟန်ဖြင့် ရပ်နေပေရာ ရဲ့ရှင်းယွင် လုံးဝ သည်းမခံနိုင်တော့ပေ။
"ကျွင်းမိသားစုက နတ်ဘုရားသားတော် ဘယ်လိုသဘောရလဲ..။ ကျုပ်က ခင်ဗျားနဲ့ယှဉ်ပြီး ဂုဏ်ယူလို့ရမလား"
ရဲ့ရှင်းယွင်က ဒေါသကို အကောင်းဆုံးထိန်းချုပ်၍ ပြောလိုက်သည်။
သူက ငတုံးမဟုတ်ပေ။ သူက ကျွင်းမိသားစု၏ ပွဲတော်အတွင်း၌ ကျွင်းမိသားစုမှ နတ်ဘုရားသားတော်ကို တိုက်ရိုက် ရန်မပြုဝံ့ပေ။
သို့သော် သူ့တောင်းဆိုပုံက ယဉ်ကျေးသဖြင့် ကျွင်းမိသားစု၏ အကြီးအကဲများကလည်း တစ်ခုခုလုပ်မည်မဟုတ်ကြောင်း ယုံကြည်မှုရှိသည်။
ရဲ့ရှင်းယွင် မျှော်လင့်ထားသည့်အတိုင်းပင်။ ကျွင်းကျန်းထျန်းနှင့် အကြီးအကဲများဟာ ဤအတွက် မျက်မှောင်ကြုတ်သွားကြသော်လည်း ဘာမျှမပြောပေ။
သို့ရာတွင် ၎င်းတို့နှုတ်ဆိတ်နေခြင်းက ရဲ့ရှင်းယွင်၏ ပါရမီနှင့်နောက်ခံကြောင့် မဟုတ်ပေ။ သူတို့က ကျွင်းရှောင်ယောက် မည်မျှတိုးတက်လာပြီဆိုတာ သိလိုကြ၍သာ ဖြစ်သည်။
"ခင်ဗျားက..."
ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော မျက်နှာအမူအရာနှင့် ပြန်မေးလိုက်၏။
ရဲ့ရှင်းယွင်က ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
"ကျုပ်က ရဲ့မိသားစုက ရဲ့ရှင်းယွမ်"
"အိုး... ဒါဆို ခင်ဗျားက ကြယ်တာအိုခန္ဓာရှိတဲ့သူပေါ့"
ကျွင်းရှောင်ယောက် သတိရသွားခဲ့သည်။
ကျွင်းရှောင်ယောက်ဟာ ရှေးဟောင်းမိသားစုများမှ ပါရမီရှင်များအကြောင်း ကြားဖူးနားဝရှိ၏။
ရဲ့မိသားစုတွင် နာမည်အကျော်ကြားဆုံး ပါရမီရှင်ကတော့ ဒဏ္ဍာရီလာဓားနတ်ဆိုး ပြန်လည်ဝင်စားလာသော ရဲ့ကူချန်ပင် ဖြစ်သည်။
ရဲ့ကူချန်ကို တော်ဝင်သတ်ဖြတ်သူဟုခေါ်သည်။ ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး၌ ထိပ်တန်းဓားသမားတစ်ယောက်ဖြစ်သည်။
သူက မျိုးဆက်တူများနှင့်တိုက်ခိုက်ရာတွင် ဒုတိယဓားချက်ကို ဘယ်တော့မှမသုံးဟုပင် ကောလဟာလများရှိ၏။
အကြောင်းကတော့ မည်သူမျှ သူ့ဓားချက် တစ်ချက်ကို မခံနိုင်သောကြောင့်ပင်။
ရဲ့ရှင်းယွင်က ပါရမီရှင်ဖြစ်သော်လည်း ရဲ့ကူချန်နှင့် နှိုင်းယှဉ်လျှင်တော့ အဝေးကြီးမှာ ရှိနေပါသေးသည်။
ထို့ကြောင့် ရဲ့ကူချန်က စိန်ခေါ်လာလျှင် သူစိတ်ဝင်စားနိုင်သော်လည်း ရဲ့ရှင်းယွင်ကတော့ အချိန်ဖြုန်းခြင်းသာ ဖြစ်ရမည်။
"မလိုပါဘူးလေ... ကျုပ်က ဘာထူးခြားတဲ့စွမ်းအားရှိတဲ့သူမှ မဟုတ်ပါဘူး..။ အဲတာကြောင့် ယှဉ်ပြိုင်နေစရာလည်း မလိုဘူး"
ကျွင်းရှောင်ယောက် ခေါင်းကိုခါယမ်းလိုက်သည်။ ရဲ့ရှင်းယွင်က သူ့ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်သောကြောင့် အကြောင်းပြချက်ရှာကာ ငြင်းဆန်လိုက်၏။
သူ့စကားကြောင့် ဧည့်သည်အားလုံးမျက်နှာတွင် ထူးခြားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
အမှန်အတိုင်းဆိုရလျှင် စတင်ထွက်ပေါ်လာစက ကျွင်းရှောင်ယောက်၏ အနေအထားကြောင့် အားလုံးဟာ စိတ်ဝင်စားနေခဲ့ကြသည်။ သူ့စတိုင်ဟာ အားလုံးကို တုန်လှုပ်စေ၏။
သို့သော် ယခုတော့ ရဲ့ရှင်းယွင်၏စိန်ခေါ်မှုကို သူကသာမန်လူပါဟုပြောဆိုပြီး ငြင်းဆန်နေခဲ့ပြီ။
ယင်းက မှန်ကန်သော သစ္စာစကားပင်လော။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ရုပ်ချောသည်မှလွဲ၍ တခြားဘာမှဟုတ်ပုံမရပေ။
ကျွင်းရှောင်ယောက်၏ တုံ့ပြန်ပုံဟာ ကျွင်းကျန်းကျန့်နှင့် ကျွင်းမိသားစုဝင်များအား စိတ်ထဲမှ ရယ်မောသွားစေသည်။
'ထူးခြားတာ ဘာမှမရှိဘူး'က မည်သည့်အဓိပ္ပာယ်နည်း။
'ညီလေးရှောင်ယောက်ကသာ တကယ်ပဲ ထူးခြားမှုမရှိတဲ့သူဆိုရင် ငါ့ကိုယ်ငါတောင် သတ်သေမိလောက်ပြီ'
ကျွင်းကျန်းကျန့် နာကျင်စွာဖြင့် တွေးလိုက်သည်။
သို့ရာတွင် ရဲ့ရှင်းယွင်က ကျွင်းရှောင်ယောက်အကြောင်းကို မသိပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က မတိုက်ခိုက်ဘဲ ငြင်းလိုက်သည့်အတွက် ရဲ့ရှင်းယွင် စိတ်ပူသွားသည်။
အကယ်၍ ကျွင်းရှောင်ယောက်က လက်မခံလျှင် ကျန်းလော့လီအရှေ့၌ မည်သို့ ဆက်လက်၍ ခွန်အားပြရပါမည်နည်း။
ခဏစဉ်းစားပြီးနောက် ရဲ့ရှင်းယွင် ပြောလိုက်သည်။
"နတ်ဘုရားသားတော် နှိမ့်ချနေစရာ မလိုပါဘူး..။ ခင်ဗျားရဲ့နယ်ပယ်က လုံလောက်အောင် မမြင့်မားသေးရင် ကျုပ်နယ်ပယ်ကို နတ်အဆင့် အထွတ်အထိပ်ထိ ဖိနှိပ်ပေးမယ်"
ရဲ့ရှင်းယွင်၏အမြင်တွင် ကျွင်းရှောင်ယောက်က ဆယ်နှစ်သာရှိသေးသောကြောင့် နတ်အဆင့်ကို ကျော်လွန်သွားရန် မဖြစ်နိုင်ပေ။
အခြားတစ်ဖက်တွင် သူ ရဲ့ရှင်းယွင်က အသက်ဆယ့်ခြောက်နှစ်ဖြစ်၍ အစစ်အမှန်ဝိညာဉ် အဆင့်ငါးသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရဲ့ရှင်းယွင်စကားကိုကြားသောအခါ ပရိသတ်က ပိုပြီးအာရုံစိုက်လာကြ၏။
ဤတစ်ကြိမ်သာ ကျွင်းရှောင်ယောက် ထပ်ငြင်းလိုက်လျှင် အားလုံး၏ ဝေဖန်မှုများကို ရင်ဆိုင်ရပေတော့မည်။
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
သူက ပါးရိုက်ရသည်ကို ပျင်းရိသော်လည်း တစ်ဖက်လူဟာ မျက်နှာအတင်းထိုးပေးနေ၏။
သူ့နံဘေးမှ ကျန်းလော့လီကိုမြင်သည်နှင့် ဤပြဿနာ၏အရင်းအမြစ်ကို သူသဘောပေါက်ပေသည်။
သူဟာ ဤဂျပုမလေးက ဤမျှဆွဲဆောင်နိုင်စွမ်းရှိနေမည်ဟု ထင်မထားခဲ့ပေ။
"ရှင်တော်တော်ဆိုးတာပဲ... ဘာဖြစ်လို့ အကိုရှောင်ယောက်ကို စိတ်အနှောင့်အယှက်လိုက်ပေးနေတာလဲ"
အတင်းကပ်ပြောနေသော ရဲ့ရှင်းယွင်ကို ကျန်းလော့လီ မကျေမနပ်ဖြစ်သွားသည်။
သူဟာ ကျွင်းရှောင်ယောက်နှင့် အချိန်ပိုကြာကြာ အတူရှိချင်သော်လည်း အနှီပိုးကောင်က ဝင်ရှုပ်လာမည်ဟု ထင်မထားခဲ့ပါချေ။
"လော့လီ... ကိုယ်က…."
ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို 'အကိုလော့လီ'ဟု ခေါ်လိုက်သည့်အတိုင်း ရဲ့ရှင်းယွင်မျက်နှာ မဲ့ရွဲ့သွားသည်။
ကျန်းလော့လီ စိတ်မရှည်ဖြစ်လာကာ ပြောလိုက်၏။
"ရှင်က သူ့ကို ဘာလုပ်ချင်လို့လဲ..။ အကိုရှောင်ယောက်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…။ ရှင်က နတ်ဘုရားသားတော်ကိုတောင် နာကျင်အောင် လုပ်ချင်တာလား"
"ချီး..."
ရဲ့ရှင်းယွင်မျက်နှာက ဒေါသကြောင့် နီရဲလာသည်။ သူက ဒေါသကြောင့် တဆတ်ဆတ်တုန်လာပြီး ဆဲပင် မဆဲနိုင်တော့ပေ။
ကျွင်းရှောင်ယောက်က ရုပ်ချောလျှင်ပင် ဘာဖြစ်သေးသနည်း။ တစ်ဖက်လူက ရုပ်ချော၍ ဝင်ပြောပေးနေသည်မှာ ဖြစ်သင့်ပါ၏လော။
ရဲ့ရှင်းယွင် ခါးသက်သက်နှင့် ပိုမို နာကျည်းလာသည်။
အခြားတစ်ဖက်တွင် ကျွင်းရှောင်ယောက်လည်း ဆွံ့အသွားမိ၏။ ကျန်းလော့လီလောက် သူ့မျက်နှာ ထိခိုက်မည်ကို စိုးရိမ်နေသူအား တစ်ခါမျှ မမြင်ဖူးပါချေ။
ကျွင်းရှောင်ယောက် လက်တစ်ဖက်ကို နောက်ပစ်၍ ကျန်လက်တစ်ဖက်ကို ဟန်ပါပါမြှောက်ကာ ပြောလိုက်သည်။
"မလိုပါဘူး... ခင်ဗျားက တိုက်ခိုက်ချင်နေမှတော့ ခင်ဗျားအလိုတိုင်း အကောင်းဆုံး တိုက်ခိုက်နိုင်တယ်"
"အကိုရှောင်ယောက်၊ ရှင်..."
ကျန်းလော့လီ တုံ့ဆိုင်းသွား၏။
ရဲ့ရှင်းယွင်က ကျွင်းရှောင်ယောက်ကို ထိခိုက်အောင်လုပ်မည်အား သူမ စိုးရိမ်မိပေသည်။
"ခစ်ခစ်... လော့လီလေးက အနာဂတ် ခင်ပွန်းလောင်းကိုတောင် စိတ်ပူတတ်နေပြီပေါ့"
ကျန်းစန်းယီက သွားများပေါ်သည်အထိပြုံးကာ စနောက်လိုက်၏။
"အို... မဟုတ်တာ..."
ကျန်းလော့လီ ကမန်းကတန်း ငြင်းဆန်လိုက်သော်လည်း သူ့မျက်နှာက ပန်းနုရောင်သန်းသွားသည်။
ရဲ့ရှင်းယွင်ကား အသက်ပြင်းပြင်းရှူလိုက်၏။ ကျန်းလော့လီအရှေ့တွင် သူ့ကိုယ်သူသက်သေပြရန် မစောင့်နိုင်တော့ပေ။
သူ့နယ်ပယ်ကိုပင် နတ်အဆင့်ကိုးသို့ ချက်ချင်း ဖိနှိပ်လိုက်၏။
"ခင်ဗျား အရင်စပါ... နောက်ပြီး ခင်ဗျားရဲ့နယ်ပယ်နဲ့ စွမ်းရည်ကို ဖိနှိပ်ထားစရာမလိုဘူး"
ကျွင်းရှောင်ယောက် ပေါ့ပေါ့းပါးပါး ပြောလိုက်သည်။
"မလိုပါဘူး... ရတယ်"
ရဲ့ရှင်းယွင် ငြင်းလိုက်၏။
သူသဘောတူလိုက်ပါက နတ်ဘုရားသားတော်ရှုံးလျှင် ဆင်ခြေပေးရန် အကြောင်းပြချက် ရသွားပေလိမ့်မည်။
သူက ကျန်းလော့လီအရှေ့တွင် အင်အားပြရန်ဆုံးဖြတ်ထားသောကြောင့် မည်သည့်အမှားယွင်းမှ အဖြစ်မခံနိူင်ပါချေ။
"ကောင်းပြီ"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
ထို့နောက် အပိုစကားမဆိုတော့ဘဲ အနှိုင်းမဲ့နတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်၏။
တံခါးပိတ်ကျင့်ကြံစဉ်အတွင်း ကျွင်းရှောင်ယောက်ဟာ ဆင်အစေ့တစ်သောင်းကို ထပ်မံနိုးထနိုင်စေခဲ့ပေသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ ဆင်အကောင်လေးသောင်းနှင့်ညီမျှသော ဂျင်သန်းလေးရာခွန်အားကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
ဂျင်သန်းလေးရာခွန်အားဟာ အလွန်ကြောက်စရာကောင်း၏။
ကျွင်းရှောင်ယောက်၏ လက်သီးချက်၊ ခြေကန်ချက်တစ်ခုစီက ကြယ်များကိုပင် ကြေကွဲစေနိုင်ခဲ့ပြီ ဖြစ်သည်။
"ဝုန်း ဝုန်း"
ကျွင်းရှောင်ယောက်ခန္ဓာအတွင်းရှိ ရွှေရောင် နတ်ဘုရားသွေးများက ပွက်ပွက်ဆူလာခဲ့၏။
ရွှေရောင်သွေးနှင့် စွမ်းအင်များဟာ ကောင်းကင်ယံ၌ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော ရှေးဟောင်းနတ်ဆင်ကြီးတစ်ကောင်ပုံရိပ်ကို ဖြစ်ပေါ်လာစေခဲ့တော့သည်။
ကျွင်းရှောင်ယောက်က သူ့လက်ဝါးတစ်ဖက်ကို အရှေ့ဘက်သို့ တဖြည်းဖြည်း ဆန့်ထုတ်လိုက်သည်။
ထိုအခါ ဖိအားလှိုင်းတစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးပင် တုန်ခါလာခဲ့၏။
ထိုအခါ ဧည့်သည် လူငယ်ပါရမီရှင်များ၊ အကြီးအကဲအားလုံး အံ့ဩသွားကြသည်။
ကျွင်းရှောင်ယောက်ထုတ်ဖော်လာသော အင်အားက ဧည့်သည်လူသူအပေါင်းကို တုန်လှုပ်သွားစေခဲ့၏။
ရဲ့ရှင်းယွင်ပင် မျက်နှာပျက်ပြီး လျှော့ရိုက်ခံရသကဲ့သို့ တုန်ရီသွားတော့သည်။
-------------
အခန်း ( ၂၉ ) လုံးဝချေမှုန်းခြင်း၊ ရဲ့ရှင်းယွင်၏ ထူးခြားမှု
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းရဲ့ ခွန်အားက..."
ရဲ့ရှင်းယွင် မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက် လှုပ်ရှားလာသောအခါ တကိုယ်လုံး ထုံကျဉ်သွား၏။
ကြောက်စရာ...
တုန်လှုပ်စရာ..
လုံးဝ မယုံနိုင်စရာ...
ဒါကို 'ဘာမှထူးခြားမှုမရှိဘူး'လို့ ဘယ်လိုခေါ်နိုင်မှာလဲ။
ကျွင်းရှောင်ယောက်က အင်အားပြလာသောအခါ ရဲ့ရှင်းယွင် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
အဖြစ်အပျက်များကို အံ့သြတုန်လှုပ်နေသူက တစ်ဦးတည်းတော့ မဟုတ်ပေ။ အဓိကခန်းမအတွင်းမှ ဧည့်သည်အားလုံးလည်း အံ့ဩသွားကြသည်။
ကျွင်းမိသားစုမှ နတ်ဘုရားသားတော်ဟာ သူ့ကိုယ်သူ ထူးခြားမှုမရှိပါဟု ပြောနေသော်လည်း တကယ်တမ်း ထုတ်ဖော်လာသည့်အခါ ထူးခြားမှုရှိသည်ကိုပင် ကျော်လွန်နေခဲ့ပြီ။
ရဲ့ရှင်းယွင်နှလုံးသားက တဒုန်းဒုန်း ခုန်ပေါက်လာသည်။ မည်သို့ဆိုစေ သူဟာ အလျင်အမြန် တန်ပြန်တိုက်စစ်ဆင်လိုက်၏။ ရှေးဟောင်းမိသားစုကြီးမှ ပါရမီရှင်တစ်ဦးအနေဖြင့် ဖိအားများကို မည်သို့မည်ပုံ ရင်ဆိုင်ရမှန်း သူသိခဲ့ပေသည်။
"ကြယ်တာရာဖမ်းလက်ဝါး"
ရဲ့ရှင်းယွင်ဟာ ၎င်း၏ အသန်မာဆုံး တိုက်ခိုက်မှုကို ကြိုပြင်ထားခြင်းမရှိသော်လည်း အလွယ်တကူ ထုတ်သုံးနိုင်သည်။
မူလက သူဟာ တစ်ဖက်လူ၏ခွန်အားကို အရင်စမ်းကြည့်ရန် တွေးထားသော်လည်း ယခုတော့ မလိုအပ်တော့ပေ။
ရဲ့ရှင်းယွင်က သူ့လက်ဝါးကို ပြန်လည် ဆန့်ထုတ်လိုက်သည်။ ထိုအခါ ကြယ်တာရာနှင့် သဘာဝစွမ်းအင်များ ပေါင်းစပ်ထားသော ရောင်စုံအလင်းများနှင့်လက်ကြီးတစ်ဖက်က လေထဲတွင် ထွက်ပေါ်လာ၏။ ကြယ်တာရာများ၏ အမှတ်အသားကဲ့သို့ ကြယ်အလင်းများက တောက်ပနေခဲ့ကြပေသည်။
၎င်းက ကြယ်မင်းတာအိုခန္ဓာရှိသော သူတစ်ယောက်တည်းသာသုံးနိုင်သည့် အစွမ်းထက် နည်းလမ်းတစ်ခု ဖြစ်သည်။
ကြယ်တာရက်လက်ဝါးကြီးက ကျွင်းရှောင်ယောက်၏ လက်ဝါးကြီးနှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။
ထိုအခါ ရွှေရောင်လက်ဝါးကြီးက ကြယ်လက်ဝါးကိုချိုးဖြတ်သွား၏။ ထိုမျှသာမကဘဲ ရွှေရောင်လက်ဝါးကြီးက ရဲ့ရှင်းယွင်ထံ ဆက်လက်တိုးဝင်သွားတော့သည်။
"ဂျွတ်..."
အရိုးအက်ကွဲသံများနှင့် ရဲ့ရှင်းယွင်ဟာ ရှည်လျားဆသာ တရွတ်ဆွဲစွပ်ကြောင်းတစ်ခုကိုချန်ပြီး ခန်းမအပြင်ဘက်သို့ လွင့်စဉ်သွားခဲ့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
ခန်းမအပြင်ဘက်၌ သွေးများအန်နေသော ရဲ့ရှင်းယွင်ကိုကြည့်ကာ ပါရမီရှင်အားလုံး ကြက်သီးမွေးညင်းထသွားခဲ့ကြသည်။
ထို့နောက် သူတို့ ထိတ်လန့်နေသော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို တစ်ဖန် လှည့်ကြည့်လိုက်ကြ၏။
မကောင်းဆိုးရွား။
သူက တကယ့်မကောင်းဆိုးရွားလေး တစ်ကောင်ပဲ။
ရဲ့ရှင်းယွင်က သာမန်လူမဟုတ်ပေ။ သူက ကြယ်မင်းတာအိုခန္ဓာနှင့် ရှေးဟောင်းမိသားစုကြီး၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ထိုသို့သော ပါရမီရှင်မျိုးပင် ဆယ်နှစ်သား ကျွင်းရှောင်ယောက်၏ တစ်ချက်တည်းနှင့် ရိုက်နှက်မှုကို ခံလိုက်ရပါသေးသည်။ အနှီကျွင်းရှောင်ယောက်က တကယ်ကို မကောင်းဆိုးရွားတစ်ကောင်ပင် ဖြစ်သည်။
သို့သော်လည်း ယင်းက အခြားဧည့်သည်များချည်း မဟုတ်ပေ။
ကျန်းစန်းယီနှင့် ကျန်းလော့လီလည်း ချယ်ရီနှုတ်ခမ်းလေးများကိုဟ၍ ကျွင်းရှောင်ယောက်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။
သို့ရာတွင် ကျန်းလော့လီမူကား အံ့အားသင့်ရာမှ စိတ်လှုပ်ရှားမှုများအဖြစ် ပြောင်းလဲလာ၏။
ကျန်းလော့လီဟာ ခင်ပွန်းလောင်းရွေးရာ၌ ရုပ်အရည်အတော်မက်သည်။
အနှီခင်ပွန်းလောင်းက ရုပ်ရည်ချောမောသည့်အပြင် သန်မာသော တိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆိုင်ထားလျှင် ပိုသဘောကျ၏။
ကျွင်းရှောင်ယောက်ကား ကျန်းလော့လီစိတ်ထဲမှ ပြီးပြည့်စုံသော ခင်ပွန်းလောင်းပုံစံပင် ဖြစ်တော့သည်။
ကျန်းစန်းယီလည်း အံ့သြသွားသည် ။
'ရွှေရောင်သွေးနဲ့ စွမ်းအင်တွေ... ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်ဆိုတာ တွေးနေစရာ မလိုတော့ဘူး'
ကျန်းစန်းယီ စိတ်ထဲမှ တွေးလိုက်သည်။
ကျန်းစန်းယီသာမကဘဲ တခြားဧည့်သည်များကလည်း ယင်းကို သတိထားမိကြ၏။
"ကျွင်းရှောင်ယောက်က တကယ်ပဲ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ... သူတော်စင်တစ်သောင်း အရိုအသေပေးခြင်းပုံရိပ်တွေ ဖြစ်ပေါ်လာတာ မဆန်းတော့ပါဘူး"
"နောက်ဆုံးတော့ ဒါက လူသားမျိုးနွယ်ရဲ့ မြင့်မြတ်ခန္ဓာပဲလေ... ဒါပေမဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာတွေက အချုပ်အနှောင်တွေကြောင့် သုံးစားမရတော့ဘူး မဟုတ်လား..။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဘာဖြစ်လို့ အရမ်း အစွမ်းထက်နေရတာလဲ"
"ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ကျွင်းမိသားစုရဲ့ အကြီးအကဲတွေက အချုပ်အနှောင်တွေကိုချိုးဖြတ်ဖို့ အရင်းအမြစ်တွေ အများကြီးကို အသုံးပြုခဲ့ကြတာပဲ"
"ဒါက ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒီလိုဆိုရင်တောင် ဒီလောက်မသန်မာသင့်ဘူး မဟုတ်လား"
ကျွင်းရှောင်ယောက် လှုပ်ရှားလိုက်သောအခါ အားလုံးက သူ့တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာရှိကြောင်း သိသွားခဲ့ကြသည်။
ရှေးခေတ်ကဆိုလျှင် ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်ကြောက်စရာကောင်းခဲ့၏။
သို့သော်လည်း ဤနှစ်များတွင်ကား ရှေးဟောင်းမြင့်မြတ်ခန္ဓာများဟာ အသုံးမဝင်တော့ပေ။
၎င်းက ထိပ်တန်းတာအိုခန္ဓာဆယ်ခုအတွင်း၌ ရှိသေးသော်လည်း အင်အားမပြနိုင်တော့ပါချေ။
"မင်းမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာရှိတယ်ဆိုတာ ငါမယုံဘူး"
ခန်းမအပြင်ဘက်တွင် ရဲ့ရှင်းယွင်က ရင်ဘက်မှနာကျင်မှုကို အံကြိတ်ခံရင်း ရုန်းကန်ကာ ပြန်ထရပ်လာသည်။
သူက ကြယ်ဘုရင်တာအိုခန္ဓာကိုပိုင်ဆိုင်ထားသောကြောင့်လည်း သာမန်လူထက် ခံနိုင်ရည်ပိုမြင့်မား၏။
"မလိုပါဘူးလို့ ကျုပ်ပြောသားပဲ... ဒါက စိတ်လှုပ်ရှားစရာမှ မရှိတာ"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းရင်း ပြောလိုက်သည်။
"ဒါက မပြီးသေးဘူးကွ... စောစောက ငါသေချာမပြင်ရသေးလို့"
ရဲ့ရှင်းယွင်က အရှုံးမပေးဘဲ ငြင်းဆန်ကာ အော်ဟစ်လိုက်သည်။
"သခင်လေး..၊ မင်း..."
ရဲ့ရှင်းယွင်၏ အစေခံ ဦးလေးဖူဆိုသူက ကမန်းကတန်းတားဆီးဖို့ ကြိုးစားလိုက်သည်။
"ကြယ်ဖြိုလက်ချောင်း"
ရဲ့ရှင်းယွင်က ကျွင်းရှောင်ယောက်ကို လက်ညိုးတစ်ချက်ညွှန်လိုက်၏။
ထိုအခါ ကြယ်စွမ်းအားများက တစ်ဖန် စုစည်းလာပြီး လေထုကို တွန့်လိပ်စေသော လက်ချောင်းကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
"ပျင်းစရာကြီးကွာ"
ကျွင်းရှောင်ယောက်က သူ့လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်သည်။
ထိုအခါ ရွှေရောင်လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ရဲ့ရှင်းယွင်လက်ချောင်းကို ဖမ်းဆုပ်ချေမွလိုက်သည်။
ထို့နောက် ကျွင်းရှောင်ယောက်ဟာ မြေအောက် အမှောင်မီးလျှံများ တောက်လောင်နေသော ခရမ်းရင့်ရောင် လှံတစ်လက်ကို စုဖွဲ့လိုက်သး၏။
၎င်းက နတ်ဆင်အနှိုင်းမဲ့ခွန်အားမှ သိုင်းကွက်တစ်ခုဖြစ်သော အမှောင်ကမ္ဘာလှံဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း အမှောင်ကမ္ဘာလှံနှင့် ပစ်ထိုးလိုက်၏။
လှံက လေထုကို ဖြတ်သန်းသွားသောအခါ တဝုန်းဝုန်းအသံများပင် ထွက်ပေါ်လာတော့သည်။
အမှောင်မီးလျှံများတောက်လောင်နေသော အမှောင်ကမ္ဘာလှံဟာ ရဲ့ရှင်းယွင်ထံသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။
အမှောင်ကမ္ဘာလှံမှ ကြီးမားသောအင်အားကြီးကို ခံစားမိသောအခါ ရဲ့ရှင်းယွင်မျက်နှာက ချက်ချင်းဖြူဖျော့သွားခဲ့၏။
"ကောင်းကင်ကြယ်တာရာဒိုင်း"
ရဲ့ရှင်းယွင်လည်း နိုဘယ်လက်နက်တစ်ခုကို ထုတ်ဖော်ယူလိုက်သည်။ ၎င်းက ကြယ်အလင်းများ တောက်ပနေသော ဒိုင်းတစ်လက်ပင် ဖြစ်ချေသည်။
သို့သော်လည်း အားလုံးလိုလို အသက်ပြင်းပြင်းရှူလိုက်ရ၏။ ဂျင်သန်းလေးရာအင်အားရှိသည့် အမှောင်ကမ္ဘာလှံက ကောင်းကင်ကြယ်တာရာဒိုင်းကို တိုက်ရိုက် ပြိုကွဲသွားစေခဲ့တော့သည်။
ရဲ့ရှင်းယွင်လည်း ထိတ်လန့်တကြားဖြစ်သွား၏။
ကျွင်းရှောင်ယောက်၏ နည်းလမ်းများက သူ့ကို ဆံပင်များပင် ထောင်ထသွားစေသည်။
"ကြယ်တာရာ ဝါးမြိုခြင်း တွင်းနက်လက်ဝါး"
ရဲ့ရှင်းယွင်လည်း သူ့ဝှက်ဖဲကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာတွင်းရှိ ကြယ်ဝိညာဉ်ပင်လယ်ကိုလည်း အဆုံးစွန် လှည့်ပတ်လိုက်၏။
သူက လက်သီးချက် ထုတ်ဖော်လိုက်သောအခါ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
အမှောင်ကမ္ဘာလှံကလည်း တွင်းနက်ကြီးအတွင်း၌ မြုပ်ဝင်ပျောက်ကွယ်သွားခဲ့သည်။
သို့တိုင် ရဲ့ရှင်းယွင်လည်း ဒဏ်ရာရရှိသွား၏။ သူက သွေးများအန်ထုတ်ရင်း အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။ သူ့လက်သီးကလည်း တဆတ်ဆတ်တုန်ခါသွားသည်။
"ပြီးပြီ"
ကျွင်းရှောင်ယောက်လည်း လက်နက်တစ်သောင်း မုန်တိုင်းသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်၏။
ထိုအခါ တောက်ပသော ရွှေရောင်အလင်းတန်းများက သန်းချီသော လက်နက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဓား၊ လှံ၊ ပုဆိန်... လက်နက်မျိုးစုံဟာ ရဲ့ရှင်းယွင်ထံ ပြေးဝင်သွား၏။
ထိုမြင်ကွင်းမှ ဖိအားများကြောင့် လူငယ်ဧည့်သည်တော်များပင် တုန်လှုပ်သွားကြသည်။
"ကြယ်တာရာခန္ဓာ"
ရဲ့ရှင်းယွင် အော်ဟစ်၍ ကြယ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူဟာ အစစ်အမှန်ဝိညာဉ် အဆင့်ငါးခွန်အားကို တိုက်ရိုက် ထုတ်ဖော်လိုက်၏။
သူ့နယ်ပယ်ကို ဆက်လက်ဖိနှိပ်ထားပါက သေသည်အထိ အရိုက်ခံရပေလိမ့်မည်။
သို့သော် ကျွင်းရှောင်ယောက်၏ မျက်နှာအမူအရာက အပြောင်းအလဲမရှိပေ။
သူ့ထံမှ သန်မာသောအရှိန်အဝါများဟာ ဝုန်းခနဲ ပေါက်ကွဲ ထွက်ပေါ်လာသည်။
"ဝုန်း"
အစစ်အမှန်ဝိညာဉ်အဆင့်ကိုး အရှိန်အဝါများက ရွှေရောင်အလင်းများနှင့် ပေါက်ကွဲထွက်ပေါ်လာ၏။
"ဒါ... ဒါက အစစ်အမှန်ဝိညာဥ် အဆင့်ကိုးပဲ"
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..။ နတ်ဘုရားသားတော်က အခုမှ ဆယ်နှစ်ပဲရှိသေးတာကို"
ခန်းမထဲမှလူအားလုံး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်နှာများ ထိတ်လန့်ဖြူဖျော့သွားကြသည်။
ရဲ့ရှင်းယွင်လည်း ကြောက်လန့်တကြားဖြစ်သွား၏။
ကျွင်းရှောင်ယောက်က သူ့ထက် အသက်ငယ်သည့်တိုင် အစစ်အမှန်ဝိညာဥ် အဆင့်ကိုးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အရေးကြီးဆုံးကတော့ ကျွင်းရှောင်ယောက်ဟာ သူ့ထက်ပိုချော၏။
ရဲ့ရှင်းယွင်ဟာ ကျွင်းရှောင်ယောက်ထက် မည်သည့်နေရာတွင်မျှ မသာပေ။
"ဝုန်း"
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားချိန်မှာတော့ အခြေအနေက မျှော်လင့်ထားသကဲ့သို့ပင်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာဟာ ကြယ်ဘုရင်ခန္ဓာကို လုံးဝ လွှမ်းမိုးကာ ဖိနှိပ်ထား၏။
နောက်ဆုံးမှာတော့ ရဲ့ရှင်းယွင်ဟာ အမှိုက်အိတ်တစ်လုံးကဲ့သို့ အပြင်ဘက်ကို လွှင့်ပစ်ခံလိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အရိုးများ ကျိုးပဲ့ကာ သွေးများစီးကျလာသည်။
"သခင်လေး"
ဦးလေးဖူလည်း ရဲ့ရှင်းယွင်ထံသို့ အလျင်အမြန် ပြေးကာ စစ်ဆေးကြည့်လိုက်၏။
ရဲ့ရှင်းယွင်၏ ဒဏ်ရာများကို စစ်ဆေးကြည့်ပြီးမှ ဦးလေးဖူ စိတ်သက်သာရာရသွားခဲ့လေသည်။
ရဲ့ရှင်းယွင် ဒဏ်ရာရထားသော်လည်း သူ့အသက်အန္တရာယ်က မစိုးရိမ်ရပေ။
ရဲ့ရှင်းယွင် စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေသောမျက်နှာနှင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
"အကိုရှောင်ယောက်က မိုက်လိုက်တာ"
ကျန်းလော့လီ တောက်ပနေသောမျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။
သူက ရဲ့ရှင်းယွင်ကိုတော့ လုံးဝ ဂရုမစိုက်ပေ။
ထိုမြင်ကွင်းကြောင့် ရဲ့ရှင်းယွင် ငယ်ထိပ်သို့သွေးတက်ဆောင့်ကာ မူးလဲသွား၏။
မူးလဲသွားချိန်တွင် သူ၏ အသိစိတ်သည် ထူးဆန်းသောနေရာတစ်ခုသို့ ရောက်ရှိသွားခဲ့ပုံရသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ စကြဝဠာရှိ သန်းချီသော ကြယ်တာရာများကြား၌ ခမ်းနားထည်ဝါသော ကြယ်နန်းတော်တစ်ခု တည်ရှိနေသည်။
နန်းတော်အရှေ့တွင်ကား လူကြီးတစ်ယောက်ဟာ ရဲ့ရှင်းယွင်ကို ကျောပေးပြီး လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေပေ၏။
သို့သော်လည်း ၎င်းကို သေချာမစူးစမ်းနိုင်မီ ရဲ့ရှင်းယွင် သတိလစ်သွားတော့သည်။
-------------
အခန်း ( ၃၀ ) လော့လီက ဂျပုမလေးကို
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ရှေးဟောင်းမိသားစု၏ ပါရမီရှင် ရဲ့ရှင်းယွင်လည်း ဒေါသထွက်လွန်း၍ သွေးအန်ခဲ့ရချေပြီ။
သူတို့မျက်မြင်ကိုယ်တွေ့သာမဟုတ်လျှင် ဆယ်နှစ်သားကျွင်းရှောင်ယောက်က ရဲ့ရှင်းယွင်ကို အလွယ်တကူ အနိုင်ယူခဲ့သည်အား ယုံနိုင်ကြမည် မဟုတ်ပေ။
အရေးကြီးဆုံးကတော့ ကျွင်းရှောင်ယောက်၏ အဝတ်အစားများက သန့်ရှင်းစင်ကြယ်နေပြီး ရဲ့ရှင်းယွင်နှင့် အနည်းငယ်မျှမတူပေ။
ယင်းက ပညာဖလှယ်ခြင်းမဟုတ်ဘဲ တစ်ဖတ်သက် ရိုက်နှက်ခြင်းသာ ဖြစ်တော့သည်။ ကျွင်းရှောင်ယောက်က ရဲ့ရှင်းယွင်ကို အပြတ်သတ် ရိုက်နှက်ခဲ့သည်။
'ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အရမ်းကြောက်စရာကောင်းတာပဲ'
လူအားလုံး စိတ်ထဲမှ တွေးလိုက်ကြသည်။
ဆံဖြူအဘိုးအိုတစ်ယောက်ကလည်း သက်ပြင်းချ၍ ပြောလိုက်သည်။
"ခေတ်တစ်ခု စတင်တော့မယ်... ဟောဒီ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဒီခေတ်တစ်ခုလုံးအတွက် သမိုင်းမှတ်တမ်းရေးထိုးရတဲ့အထိ အတောက်ပဆုံးကြယ်ပွင့်တစ်ပွင့် ဖြစ်လာတော့မှာပဲ"
"ဒါက အကြွင်းမဲ့ ကောင်းကင်တာအိုဂိုဏ်းတော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ... သူ့ရဲ့ နတ်ဘုရားသားတော်အပေါ် အကဲဖြတ်မှုက တကယ်မြင့်မားတယ်"
တာအိုဂိုဏ်းမှ မုတ်ဆိတ်ဖြူအဘိုးကြီး၏ အကဲဖြတ်မှုကြောင့် လူထုဟာ တဖန်လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်သည်။
ရှန့်မင်းဆက်မှမင်းသမီးလည်း ကျွင်းရှောင်ယောက်ကို ငေးမောကြည့်နေရင်း ရေရွတ်လိုက်၏။
"နတ်ဘုရားသားတော်ရဲ့ ပုံရိပ်က ငါ့စိတ်ထဲမှာ စွဲသွားပြီပဲ...သူကလွဲပြီး ဘယ်ယောင်္ကျားမှ ငါ့ကိုအထင်ကြီးလာအောင် မလုပ်နိုင်တော့ဘူး"
ရှန့်မင်းဆက်မှ မင်းသမီး၏ ရေရွတ်ပြောဆိုသံကြောင့် အမျိုးသားများစွာ အသည်းကွဲသွားရရှာသည်။
ကျွင်းရှောင်ယောက်၏ အထင်ကြီးလောက်စရာ ဟန်ပန်များကြောင့် ဘယ်ယောင်္ကျားကိုမှ သူအထင်ကြီးတော့မည် မဟုတ်ပေ။
မဟာရှန့်မင်းဆက်၏ မင်းသမီးပင် ဤသို့ဖြစ်သွားရအောင် အနှီကျွင်းရှောင်ယောက် မည်သို့ ပြုစားလိုက်လေသနည်း။
အားလုံးက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြသည်။
ကျွင်းရှောင်ယောက်၏ မျက်နှာအမူအရာကတော့ အပြောင်းအလဲမရှိပေ။
တကယ်လည်း ရဲ့ရှင်းယွင်ကိုအနိုင်ယူခြင်းက သူ့အတွက် ဘာမျှမဟုတ်ပါချေ။
"သက်ညှာပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး နတ်ဘုရားသားတော်..။ ကျုပ်တို့ရဲ့သခင်လေးက လူငယ်ပီပီ စိတ်မြန်လက်မြန်နဲ့ မဆင်မခြင်ပြုတတ်တယ်... တကယ်တော့ သူက သခင်လေးကိုမြင်လို့ စိတ်လှုပ်ရှားသွားတာ... ရန်စစော်ကားဖို့ စိတ်ကူးမရှိရပါဘူး"
ဦးလေးဖူက လျှာခလုတ်တိုက်လုမတတ် ရှင်းပြလိုက်သည်။
၎င်းတို့က ရှေးဟောင်းမိသားစုဖြစ်သော်လည်း ကျွင်းမိသားစုကို ရန်ဘက်မပြုဝံ့ပေ။
"ဟားဟားဟား... ကျုပ်နားလည်ပါတယ်လေ..။ ဒါက ရိုးရှင်းတဲ့ ပညာဖလှယ်ရုံလေးပါပဲ"
ကျွင်းရှောင်ယောက်က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
သို့ရာတွင် လက်ရှိအခြေအနေကား သူပြောသည်နှင့် ဆန့်ကျင်ဘက်ပင်။ သူက ပညာဖလှယ်ရုံဟုဆိုသော်လည်း တစ်ဖက်လူဟာ သွေးအလိမ်းလိမ်းနှင့် သတိလစ်နေခဲ့ပြီ ဖြစ်သည်။
ယင်းက ဘယ်လိုလုပ်ပြီး ပညာဖလှယ်ရုံ ဖြစ်နိုင်ပါမည်နည်း။
ရဲ့ရှင်းယွင်သာ ခံနိုင်ရည်မမြင့်မားပါက တခါတည်း သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဦးလေးဖူပင် နှုတ်ခမ်းများတဆတ်ဆတ် တုန်ခါသွား၏။ သူက ဖျစ်ညှစ်ပြုံးကာ ပြောလိုက်သည်။
"သခင်လေးက သဘောထားကြီးလွန်းပါပေတယ်... အခု ကျုပ်တို့ သခင်လေးကို ပြန်ခေါ်သွားပါတော့မယ်"
"ကောင်းပါပြီ"
ကျွင်းရှောင်ယောက် ခေါင်းကို ခပ်ဖြေးဖြေးညိတ်ပြလိုက်သည်။
နောက်ဆုံးတွင် ရဲ့မိသားစုကလည်း ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတစ်ခုပင် မဟုတ်ပါလော။ ကျွင်းမိသားစုက ရဲ့မိသားစုကိုမကြောက်သော်လည်း အကြောင်းမဲ့ ပြဿနာမများလိုပေ။ ရဲ့ရှင်းယွင်ကလည်း လူကောင်းတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကြောင့်သာ စိတ်လွတ်သွားခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် ဦးလေးဖူလည်း သတိလစ်မေ့မြောနေသော ရဲ့ရှင်ယွင်ကိုခေါ်ကာ အရှက်တကွဲနှင့် အကျိုးနည်း၍ ကျွင်းမိသားစုမှ ထွက်ခွာသွားတော့သည်။
"ဟားဟားဟား... ကျုပ်က ပျော်ရွှင်ရမဲ့အချိန်ကို ဖျက်ဆီးသလိုဖြစ်သွားတယ်..။ အခု တစ်ခွက်သောက်ပြီး တောင်းပန်ပါမယ်"
ကျွင်းရှောင်ယောက်က အရက်တစ်ခွက်ကိုမြှောက်ပြကာ တကျိုက်တည်း မော့သောက်လိုက်သည်။
"နတ်ဘုရားသားတော်က ယဉ်ကျေးလွန်းပါပြီ"
"အမှန်ပဲ... ဒီတိုက်ပွဲက ကျုပ်တို့အားလုံးကို အမြင်ကျယ်စေခဲ့ပါပြီ"
ဧည့်သည်အားလုံးထရပ်ပြီး လက်ယှက်ကာ ပြောလိုက်ကြသည်။ မည်သူမျှ ထိုင်မနေဝံ့ပေ။
ကျွင်းကျန်းကျန့်နှင် ကျွင်းရွယ်ဟွမ်လည်း အရက်တစ်ခွက်စီ မော့သောက်လိုက်၏။
ဤတွင် ကျွင်းရှောင်ယောက်ကို ဂုဏ်မပြုဘဲ ထိုင်ရာမထဖြစ်နေသူက တစ်ယောက်သာ ရှိသည်။
၎င်းက ကျွင်းဝမ်ကျဲသာ ဖြစ်ချေသည်။
ကျွင်းဝမ်ကျဲ၏ မျက်နှာအမူအရာက အပြောင်းအလဲမရှိသော်လည်း သူ့မျက်လုံးများတွင် အရောင်တလက်လက် တောက်ပနေသည်။
တချိန်တည်းမှာပင် အကြည့်များ လေးနက်နေ၏။
ယခုလေးတင် ကျွင်းရှောင်ယောက် ပြသခဲ့သောခွန်အားက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှသန်မာနေလျှင် သူပိုပြီးသန်မာလာပါက ဘယ်အဆင့်ထိ ရောက်ရှိနိုင်မည်နည်း။
ကျွင်းရှောင်ယောက်ကလည်း ကျွင်းဝမ်ကျဲကို သတိထားမိသည်။
'ဒါက စီကွမ်နံပါတ်ငါး ကျွင်းဝမ်ကျဲ မဟုတ်လား'
'ဒီကောင်က မျိုးနွယ်ခွဲမှာ မွေးဖွားလာပြီး ငယ်ငယ်ကတည်းက အနိုင်ကျင့်စော်ကားမှုတွေကို ခံခဲ့ရတယ်..။ ဒါပေမဲ့ အဓိပဓိကျမ်းတစ်ခုကို ရရှိပြီးနောက်မှာတော့ ကပ်ဘေးမိုးကြိုးတိုက်ခိုက်ရေးခန္ဓာကိုယ်ကို နိုးထလာခဲ့ပြီ..။ ဒီနောက်တော့ တဟုန်ထိုးတိုးတက်လာပြီး စီကွမ်နံပါတ်ငါး ဖြစ်လာခဲ့တော့တာပဲ... ဒါပေမဲ့ ဒီဇာတ်လမ်းကို ငါဘာဖြစ်လို့ ရင်းနှီးနေရတာလဲ'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။
ယင်းက ချောက်ထဲပြုတ်ကျ သိုင်းကျမ်းကြီးရသည့် နောက်ထပ် ဇာတ်လမ်းတစ်ခုပင် မဟုတ်တုံလော။
ဤစတိုင်က လက်စွပ်ထဲတွင် အဘိုးကြီးပါသော ရှောင်ချန်း၏အနေအထားထက် ပိုမိုက်သည်။
မည်သို့ဆိုစေ ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ပေ။ ကျွင်းဝမ်ကျဲက သူ့ကိုရန်မစသ၍ သူကလည်း ဂရုစိုက်ရန် ပျင်းလှသည်။
"အကိုရှောင်ယောက်... ရှင်က အရမ်းအံ့ဩစရာကောင်းတာပဲ"
ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်း သူဟာ ပိုမြတ်နိုးလာ၏။
"မပြောပလောက်ပါဘူး"
ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဤမိန်းကလေးကို သူစိတ်မဝင်စားပေ။
မည်သို့ဆိုစေ သူက ကလေးသူငယ်အနိုင်ကျင့်သူ မဖြစ်လိုပါချေ။
ကျန်းလော့လီ၏ ပုပုသေးသေးပုံစံလေးက သူ့ကို တစ်မျိုးတစ်မည် ခံစားရစေသည်။
ကျန်းရို့က ကျန်းလော့လီကိုကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကောင်မလေး... မင်းသူ့ကို ချစ်နေပြီမဟုတ်လား..။ ငါ အခုတရားဝင်ဖြစ်သွားအောင် ကူညီပေးရမလား"
ကျန်းလော့လီမျက်နှာက ရှက်ရွံ့ဟန်ဖြင့် နီမြန်းကာ ခေါင်းငုံ့သွား၏။ သူက ခပ်တိုးတိုး ပြန်ခေါ်လိုက်သည်။
"မေမေ"
"အဟွတ်... အဟွတ်..."
ကျွင်းရှောင်ယောက် လက်ဖက်ရည်သောက်နေရာမှ သီးလုသီးခင် ဖြစ်သွား၏။
"ရှောင်ယောက် ဘာဖြစ်လို့လဲ... အမေကတော့ လော့လီလေးက မင်းအတွက် အကောင်းဆုံးလို့ထင်တယ်"
ကျန်းရို့ ပြောလိုက်သည်။
"ဟင်း... လော့လီက ငါးပေပဲ ရှိတဲ့ ဂျပုမလေးကို"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
"ဘာ... အကိုရှောင်ယောက်... ရှင်ကျွန်မကို ဂျပုမလေးလို့ ခေါ်တယ်ပေါ့"
ကျန်းလော့လီ ခါးမတ် ရင်ကော့ကာ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။
သူက အသက်ဆယ့်နှစ်နှစ်ဖြစ်၍ ကျွင်းရှောင်ယောက်ထက် နှစ်နှစ်ပိုကြီးသော်လည်း ခေါင်းတစ်လုံး ပိုပုပေသည်။ သို့သော် ဂျပုဟူသောစကားကို မကြိုက်ပေ။
"ငါပြောတာ မှားလို့လား"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။
ကျန်းလော့လီက လက်သီးဆုပ်သေးသေးလေးကိုထောင်ပြ၍ ဖြူဖွေးသောသွားများပေါ်သည်အထိ အံကြိတ်လိုက်သည်။
ထို့နောက် ရုတ်ချည်းရှေ့တိုးကာ ကျွင်းရှောင်ယောက်လက်မောင်းကို ကိုက်လိုက်၏။
သူမ စိတ်ကူးကတော့ စုံတွဲများ၏သဘာဝအတိုင်း ကျွင်းရှောင်ယောက်လက်မောင်းတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ရန်ပင်။
ထိုနည်းအားဖြင့် ကျွင်းရှောင်ယောက်ဟာ အနာဂတ်တွင် သူမကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်တော့ပါချေ။
သို့သော်လည်း သူမကိုက်လိုက်သောအခါမှာတော့...
"အား... နာလိုက်တာ"
ကျန်းလော့လီ သူ့ပါးစပ်ကလေးကို လက်နှင့်အုပ်လိုက်ပြီး မျက်ရည်ပင် ဝဲသွားသည်။
"ကျွတ်... ငါ့မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိမှန်းသိလျက်နဲ့ ဘာလို့ကိုက်ရတာလဲ"
ကျွင်းရှောင်ယောက် အံ့ဩသွားမိသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာများဟာ အလွန်မာကျော၏။ ယင်းက နိုဘယ်လက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။
သို့ဖြစ်ပေရာ ကျန်းလော့လီအနေဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် သွားရာအမှတ်အသား ချန်ထားခဲ့ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီကိုဆွဲပွေ့ကာ သူမ၏ တင်ပါးကို ပိတ်ရိုက်လိုက်သည်။
ဤမိန်းကလေးမျိုးကို နောင်ကျဉ်ရန် သင်ခန်းစာပေးရာ၌ သည်နည်းလမ်းမျိုးက အကောင်းဆုံးပင် ဖြစ်သည်။
"ဖြန်း"
ပီသသော အသံတစ်ချက် ထွက်ပေါ်လာ၏။
ကျန်းလော့လီ မယုံနိုင်ဟန်ဖြင့် အံ့အားသင့်ကာ မျက်လုံးများပင် ပြူးကျယ်သွားသည်။
ကျန်းစန်းယီလည်း မျက်နှာအမူအရာ အေးခဲသွား၏။
ကျန်းရို့ကတော့ သူ့သားကိုကြည့်ကာ ပြုံးနေတော့သည်။
ခန်းမအတွင်းမှ ဧည့်သည်များလည်း ရှက်ကိုးရှက်ကန်းဖြစ်ကာ ဟိုဟိုသည်သည်ကြည့်ရင်း အကြည့်လွှဲကုန်သည်။
ကံကောင်းထောက်မစွာဖြင့် ရဲ့ရှင်းယွင် ဤနေရာတွင် ရှိမနေတော့ပေ။ မဟုတ်လို့ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် နှလုံးသွေးဆောင့်တက်၍ သေဆုံးသွားရပေလိမ့်မည်။
-------------
ကျွင်းရှောင်ယောက် စာစဉ် ၂ ပြီးပါပြီ။❣️❣️
ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ (ကျွင်းရှောင်ယောက်)
မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go
မူရင်း စာရေးသူ ; God j
ဘာသာပြန် ; နတ္တိ
အားပေးနေသူ တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ❣️❣️❣️
Comments
Post a Comment